ဘားအံ - နိုဝင်ဘာ (၅)
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်စစ်တုရင်ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော (၇၁) နှစ် မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါစစ်တုရင်ပြိုင်ပွဲသည် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်(FIDE) အသိအမှတ်ပြုပြိုင်ပွဲဖြစ်ပြီး International Master - IM တစ်ဦး၊ Candidate Master (CM) နှစ်ဦး၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့်ကစားသမား သုံးဦးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အားကစားသမားများ ၁၁၀ ဦးသည် အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့ထိယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲမကျင်းပမီ ၃ မိနစ်အမြန်ရွှေ့ဘီလစ်ပြိုင်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစော မြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဖြစ်မြောက်ရေးဝိုင်းဝန်းကူညီပေးကြ သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်ဒိုင်များအား ဂုဏ်ပြုဆုများကို လည်း ကောင်း၊ အမျိုးသားအသက်(၅၅)နှစ်အထက်ပြိုင်ပွဲ၊ အသက်(၁၆)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၁၄)နှစ်အောက်ပြိုင်ပွဲ၊ အသက် (၁၂)အောက်ပြိုင်ပွဲ၊ အသက်(၁၀)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၈)နှစ်အောက်ပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက်ပြိုင်ပွဲတို့တွင် ဆုရအားကစားသမားများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက အသက်(၂၅)နှစ် အောက်ပြိုင်ပွဲတွင် ဆုရရှိသောအားကစားသမားများကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အမျိုးသမီး အလွတ်တန်းပြိုင်ပွဲတွင် ဆုရရှိသောအားကစားများကိုလည်းကောင်း လည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုကလပ်များကို ပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမ ဆုရရှိသော အားကစားသမားများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုကလပ်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။















