ဘားအံ - အောက်တိုဘာ (၂၃)

            ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များကိုယ်တိုင်ထွန်ယက်၊စိုက်ပျိုး၊ရိတ်သိမ်းနိုင်မည့် စိုက်ပျိုးရေးကိုအခြေခံသော ခရီးစဉ်တစ်ခုအဖြစ် Kawt Ma Yan Resort Co.,Ltd.မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော Kawt Ma Yan Resort သည် ယခုအခါ ၉၅ ရာခိုင်နှုန်းခန့်တည်ဆောက်ပြီးစီးနေပြီး မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်ရာ အောက်တိုဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            အဆိုပါ Kawt Ma Yan Resort သည် ဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ ကော့မရမ်းကျေးရွာ၊ ကွင်းအမှတ် ၁၁၈၉၊ ကော့မရမ်းတောင်ခြေတွင်တည်ရှိပြီး ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၀ ဒဿမ ၀၂၉၇၅ သန်းအပါအဝင် ငွေကျပ် ၅၉၀၀ သန်းဖြင့် စပါးစိုက်ခင်းများပေါ်တွင် ဘန်ဂလို ၁၂ လုံး၊ ၃ခန်းတွဲ ၂ထပ် အဆောက်အဦ ၃ လုံးဖြင့် အိပ်ခန်းပေါင်း ၃၀ ခန်းပါဝင်ကာ ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်စေရေး၊ စိုက်ပျိုးရေးနှင့်ရိတ်သိမ်းမှုကို အခြေခံသော ခရီးစဉ်တစ်ခုအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

            Kawt Ma Yan Resort ကို မြေဧရိယာ ၃ ဒဿမ ၃၀ ဧကပေါ်တွင် ၂ ဒဿမ ၃၀ ဧကအနက် သုည ဒဿမ ၉၀ ဧက ကိုသာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်မြေဧရိယာကို နွေ၊မိုး၊ဆောင်းစိုက်ပျိုးရိတ်သိမ်း အပန်းဖြေနိုင်မည့်စိုက်ခင်းများအဖြစ် ဖော်ဆောင်လျက်ရှိကာ ထိုသို့ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးရာ Kawt Ma Yan Resort Co.Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းခမ်းလှိုင်က တည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေ၊  တည်ဆောက်ပြီးစီးဖွင့်လှစ်ပါက ခရီးသွားဧည့်သည်များ အနေဖြင့် ကိုယ်တိုင်လယ်ယာထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ စပါးခင်းများအကြားအပန်းဖြေအနားယူခြင်းတို့ အပြင် ခြေလျင်တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း အစရှိသည့် ခရီးစဉ်များဆောင်ရွက်နိုင်မည့်အခြေအနေ တို့ကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၇ ရက်တွင်ကျရောက်မည့် ကရင်ပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

            အလားတူ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း စီမံချက်(၂၀၂၁-၂၀၃၀)ကို ကဏ္ဍကြီး ၈ ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၁၀၈ ခုဖြင့်ရေးဆွဲချမှတ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုများကို ၅၀ ရာ ခိုင်နှုန်းလျော့ချရန် ရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၂ ရက်နေ့ မွန်းလွဲ ပိုင်းက ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က အဓိကရည်မှန်းချက်ဖြစ်သည့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု(၅၀)ရာခိုင်နှုန်း ဖြစ်နိုင်လျှင် သုည ရာခိုင်နှုန်းအထိ လျော့ချနိုင်ရေးအတွက် တက်ရောက်လာသည့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းအကြံပြု ပေးကြစေလိုပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို လည်း သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းတင်ပြ၍ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးပေးကြစေလို ကြောင်းပြောကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများက ထိထိရောက်ရောက်ပညာပေးအရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်း က ပြည်နယ်အတွင်းယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကြပ်မတ်ထိန်းသိမ်းမှု၊ လအလိုက်ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှု နှိုင်းယှဉ်ချက်၊ Quick Win အစီအမံ(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တွဲဘက်အတွင်းရေးမှူးက ကရင်ပြည်နယ် အတွင်း ၃ နှစ်တာကာလ ယာဉ်မတော်တဆမှု၊ ဒဏ်ရာရသေဆုံးမှုအခြေအနေများနှင့် လျော့နည်းကျဆင်းလာသည့် အခြေအနေ၊ မြို့ပြအင်္ဂါရပ်နှင့်မညီသောယာဉ်အိုယာဉ်ဟောင်းများ ဖမ်းဆီးအရေးယူမှု၊ ပြည်သူလူထုအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

            ယင်းနောက် ဆပ်ကော်မတီအသီးသီးမှ ဆပ်ကော်အတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍများအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်အဆင့်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာ ခရိုင်များအလိုက် ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အခြေအနေ၊  Quick Win လုပ်ငန်းအစီအမံ(၅)ရပ်ဖြင့် ပညာပေးစစ်ဆေး ဆောင်ရွက်မှု၊ စည်းကမ်းပျက်ယာဉ်များအား ဖမ်းဆီးအရေးယူမှုများကိုတင်ပြဆွေးနွေးကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။