ဘားအံ - အောက်တိုဘာ (၁၂)

            နေ့စဉ်လူနေမှုဘဝနှင့်သွားလာရေးတွင် မရှိမဖြစ်လိုအပ်သော မော်တော်ဆိုင်ကယ်ကို ထိန်းသိမ်းနိုင်ရုံသာမက တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်စေရန် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုရန်ပုံငွေဖြင့် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများကို သေချာစွာလေ့လာအသုံးချ၍ မိမိရပ်ရွာအကျိုး၊ ပြည်နယ်အကျိုးကို မိမိ မိသားစုမှသည် ပြည်နယ်အထိ ဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ဝိုင်းဝန်းသယ်ပိုးကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အဆိုပါသင်တန်းကို သင်တန်းသား ၂၀ ဦးအား ကျွမ်းကျင်နည်းပြများက အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့ထိ တစ်လကြာ စာတွေ့/လက်တွေ့သက်ကြားပို့ချပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း သင်တန်းခန်းမတွင် လျှပ်စစ်ကျွမ်းကျင် လုပ်သား(အဆောက်အဦ)အဆင့်-၂ အလုပ်အကိုင်ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ် ဖြေဆိုအောင်မြင်သူများ၏လက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၂၇)ကြိမ်မြောက် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ ကရင်ပြည်နယ် လူငယ်စင်တာ၌ စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။