ဘားအံ - အောက်တိုဘာ (၇)
တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ် ၂၀၂၆ ကျင်းပနိုင်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကဖတ်ကြားပြီး ကြယ်ပွင့်ပြမေးခွန်း(၇)ခုအား မေးမြန်းဖြေကြား၍ ဥပဒေကြမ်းတစ်ခုနှင့် ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာ ထားချက်စာရင်းများကို ဆွေးနွေးဆုံးဖြတ်အတည်ပြုခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကိုက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏သဘော ထားရယူ၍ အစည်းအဝေးစတုတ္ထနေ့အထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက် ရောက်မှု အခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူမှတ်တမ်းတင်ကာ စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဘားအံမြို့၊ ဇွဲကပင်ခန်းမနှင့်လူငယ်စင်တာတို့တွင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၂၀၂၆ ကျင်းပ နိုင်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားသော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားမှတ်တမ်းတင် သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး၊ ပညာရေးဆိုင် ရာ ကြယ်ပွင့်ပြမေးခွန်း(၇)ခုကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံမှတစ်ဆင့် မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အဆင့် အဖွဲ့ အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး က ကရင်ပြည်နယ်၏အသေးစားငွေချေးလုပ်ငန်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်ရန် ပြည်နယ်လွှတ်တော်သို့ အဆိုတင် သွင်းပြီး ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက ၂၀၂၇-၂၀၂၈ ဘဏ္ဍရေးနှစ်၊ ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်စာရင်းများနှင့်စပ်လျဉ်း၍ အတည်ပြုပေးနိုင်ရန် ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းပြီး ပြည်နယ်လွှတ်တော်၏အဆုံးအဖြတ်ကိုရယူရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူ မရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းနှင့် တတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်းသိရပါသည်။















