ဘားအံ - စက်တင်ဘာ (၂၈)
ကရင်ပြည်နယ်၊ ဘားအံမြို့သည် မိုးများသည့်ဒေသဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံမှုများဖြစ်ပွားလေ့ရှိသည့်အတွက် ရေကြီးရေလျှံမှုလျော့နည်းသက်သာစေရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ပိုင်းက ရွှေကင်း-ကမော့ ကစင်တူးမြောင်း တိမ်ကောနေမှုအား ယာဉ်၊ယန္တရားများအသုံးပြု၍ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) မှ ရွှေကင်း-ကမော့ကစင်တူးမြောင်း အရှည်ပေတစ်သောင်းကျော် အား ထိပ်ဝအကျယ် ၃၅ ပေ၊ အောက်ခြေအကျယ် ၁၅ ပေ၊ ပျှမ်းမျှအနက် ၉ ပေရရှိအောင် တူဖော်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင် ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများ၊ ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေး စီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီ များ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့်အထောက်အကူပြုလုပ်ငန်း ကော်မတီ အသီးသီးတို့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လိုအပ်သည်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကာ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာအစီအမံများနှင့် ကဏ္ဍအသီးသီးတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ အထောက်အကူပြုလုပ်ငန်းကော်မတီ အတွင်းရေးမှူးများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ အားကစားနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပနိုင်ရေး၊ ကရင်ရိုးရာ ဒုံးအကအဖွဲ့များဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ဈေးဆိုင်ခန်းများနေရာချထားပေးနိုင်ရေး၊ ပြခန်းများခင်းကျင်းပြသနိုင်ရေး၊ ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့် နိုင်ရေး၊ ပြည်နယ် နေ့အထိမ်းအမှတ် ပို့စကတ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းများထုတ်ဝေနိုင်ရေး၊ မှတ်တမ်းများထိန်းသိမ်းထားရှိနိုင်ရေး၊ ဂုဏ်ထူးဆောင် ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးတင်ပြကြကာ ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ က သက်ဆိုင်ရာခရိုင်များအလိုက် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးခင်းကျင်းပြသ နိုင်ရေး၊ ဒုံးအကအဖွဲ့များစေလွှတ် ယှဉ်ပြိုင်နိုင်ရေး၊ အားကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။















