ဘားအံ - နိုဝင်ဘာ (၆)

            (၇၁)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် ကရင်လူမျိုးတို့၏လေးစားဂုဏ်ယူစွာဖြင့် အမြတ်တနိုး တန်ဖိုးထားကြသည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၅ နာရီက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်ထက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၂၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကဲဖြတ်ဒိုင်များ ၏ မှန်ကန်သောအဆုံးအဖြတ်ဖြင့် အဆင့်လိုက်ရမှတ်များကိုလက်ခံကာ ကြိုးစားပြိုင်ပွဲဝင်ကြရန် တိုက်တွန်းပြောကြား၍ ဒုံးအကပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး မြဝတီခရိုင်ကိုယ်စားပြု ယဉ်ကျေးမှုဒုံးအဖွဲ့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ တင်ဆက် ကပြကာ ဒုံးအဖွဲ့များက တာခေါဟ်အ်ုမေါဝ်.တိုင်(တာခူးအမူတန်) တေးသီချင်းဖြင့် စုပေါင်းတင်ဆက်ကပြကြသည်။

            ထို့နောက် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ပထမည အနေဖြင့် ဒုံးအဖွဲ့ပေါင်း ၁၂ ဖွဲ့ကဖားစည်၊ ကျွဲချို၊ အိုးစည်၊ ဘင်၊ နှဲ၊ မောင်း၊ စည်းဝါး၊ လင်ကွင်းတို့ကို တီးမှုတ်၍ ကရင်တိုင်းရင်းသားတို့၏ လူနေမှုဘဝ များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ အေးချမ်းသာယာလှပမှုများ၊ ခေတ်ကာလအတွင်းကြုံတွေ့ရသည့် အခြေအနေ များကို ရေးစပ်သီကုံးထားသည့် တေးသီချင်းများကို သံပြိုင်သီဆို၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အလားတူ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းရှိ ကန်သာယာ Danking ၌ ကျင်းပရာ လှေလှော်အသင်း ၁၅ သင်းမှ အားကစားသမားပေါင်း ၂၅၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုအခါ ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို  နေရာအနှံ အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်လာသည်ကိုမြင်တွေ့ရမည်ဖြစ်ပြီး ထိုသို့ကျင်းပပေးခြင်းအားဖြင့် လူငယ်လူ ရွယ်မောင်မယ်များသည် ပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်ကာ နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်း ကျွမ်းကျင်မှုတိုးတက် မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းမှုများရရှိလာကာ မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ကိုယ်စားပြု ထူးချွန်ထက်မြက်သော အား ကစားလူငယ်မောင်/မယ်များအဖြစ် ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းဥပဒေဘောင်အတွင်းမှနေ၍ မိမိတို့ကိုယ်စားပြုအသင်းအနိုင်ရအောင် အစွမ်းကုန်အားကြိုးမာန်တက် ကြိုးစား ယှဉ်ကြိုင်ကစားသွားကြစေလိုကြောင်း တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

            ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှေလှော်အသင်း တစ်သင်းလျှင် ငွေကျပ် ၁၂ သိန်းစီကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အဆိုပါပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၇ တက်လှော်ပြိုင်ပွဲနှင့် ၂၀ တက်လှော်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ၃ မျိုးခွဲ၍ ကျင်းပခဲ့ပြီး ပြိုင်ပွဲများကျင်းပနေမှုအား ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

            အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် စည်ကား သိုက်မြိုက်စွာ ဌာနဆိုင်ရာများ၏ အသိပညာပေးပြခန်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်းများ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပြခန်းများ၊ ကရင်ပြည်နယ် One Village One Product ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုးပြခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့ပါသည်။