ကရင်တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သော ကရင်ရိုးရာဒုံးအကပြိုင်ပွဲဆုချီးမြှင့်

ဘားအံ နိုဝင်ဘာ ၁၁

            (၇၁)နှစ်မြာက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် ကရင်တိုင်းရင်းသားတို့နှင့်အတူ ယဉ်ကျေးမှုသက်တမ်း သမိုင်းကြောင်းရှည်ကြာစွာတည်ရှိခဲ့ပြီး ခေတ်အလိုက် ရိုးရာဟန်ဖြင့် တိုးတက်ထွန်းကားမှုရှိသော၊ လက်ဆင့်ကမ်း ဝိုင်းဝန်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့သော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်းဒုံးစင်မြင့်၌ ကျင်းပသည်။

            အဆိုပါဒုံးအကပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့ရွာအသီးသီးမှ ဒုံးအဖွဲ့ပေါင်း ၂၄ ဖွဲ့က နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ကြပြီး အကောင်းဆုံး ၁၀ ဖွဲ့အား စိစစ်ရွေးချယ်၍ ထပ်မံယှဉ်ပြိုင်စေ ကာ ဆုများရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယ တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆု၊ ဒုံးအကပြိုင်ပွဲ နှစ်သိမ့်ဆု၊ ရာဓနာဆုတောင်းတေး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆု ရရှိ ကြသူများ၊ ဒုံးအကတေးသီချင်း ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆု ရရှိကြသူများ၊ ဒုံးအကဘက်စုံ အထူးဆု၊ ဒုံးအက ဘက်စုံ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဥ္စမဆုရရှိကြသည့် ဒုံးအဖွဲ့များကို ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က ဒုံးအကဘက်စုံ ပထမဆု ရရှိသော လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့အား ဆုဖလားနှင့်ငွေသားဆုကျပ်သိန်း(၅၀)ကို ပေးအပ်ချီး မြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စွယ်စုံတံခွန်စိုက်ဆုရရှိသော လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာယဉ်ကျေးမှု ဒုံးအဖွဲ့အား စွယ်စုံတံခွန်စိုက်ဆုဖလား၊ ငွေသားဆု (၇၅)သိန်းကျပ်နှင့် တောင်ကလေးဆရာတော်တည်ထောင်သော PEDU (ကရင်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးယူနစ်)အဖွဲ့မှ ထပ်ဆောင်းချီးမြှင့်သည့် ငွေကျပ်သိန်း(၃၀၀)တို့ကို ပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ရာဓနာ ဆုတောင်းတေးသီးချင်းဆုတွင် ပထမရရှိသော ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး(KCO) ဒုံးအဖွဲ့၊ ဒုံးအကပြိုင်ပွဲ စွယ်စုံတံခွန်စိုက်ဆု ရရှိသော လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့တို့က ပြန်လည် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်ဧည့်ပရိတ်သတ် များက ကြည့်ရှုအားပေးခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြခန်းများအား အများပြည်သူလေ့လာကြည့်ရှုနေမှု၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ဇာသဘင်အကအလှနှင့် ပျော်ပွဲရွှင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေး၍ ပြည်သူများနှင့် အတူ ကရင်ပြည်နယ်နေ့ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

            အလားတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ မော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၆)ဆင်းပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါသင် တန်းကျောင်း ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားသည်။

            ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုများကိုပေးအပ်၍ ပြည်နယ်လူမှုရေးဝန်ကြီးက သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            အဆိုပါသင်တန်းကို သင်တန်းသား ၂၀ ဦးက ရက်သတ္တပတ် လေးပတ်ကြာစာတွေ့/လက်တွေ့သင်ယူပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေး၍ သင်တန်းသားများ၏ သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။