ဘားအံ - အောက်တိုဘာ (၅)
၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day 2026) အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ များနှင့် ဘားအံ မြို့ရှိ ကျောင်းအုပ်ဆရာကြီးများက ဆရာဂုဏ်ရည် သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ကရင် ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သောစုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ဖတ်ကြားကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ဆရာ့ဂုဏ်ရည် စာတမ်းကို ဖတ်ကြားဂုဏ်ပြုသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးကော်မတီနာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ် တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အငြိမ်းစားဆရာကြီး၊ဆရာမကြီးများအား ဂါရဝလက်ဆောင်များ ပေး အပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အငြိမ်းစားဆရာကြီးဦးအောင်မြင့်ရေးသားဖွဲ့ဆိုထားသော ရှိခိုးပူဇော်ပါသည် ဆရာ တေးသီချင်းကို အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းပြဆရာမတစ်ဦးက ဂုဏ်ပြုသီဆိုပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရကျောင်းသား၊ကျောင်းသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော အငြိမ်းစား ဆရာကြီး၊ဆရာမကြီးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ခင်းကျင်းပြသထားသော ဆုရ စာစီစာကုံး၊ ကဗျာလက်ရာများ၊ ပြိုင်ပွဲလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ကမ္ဘာ့ဆရာများနေ့မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။















