ဘားအံ - အောက်တိုဘာ (၂၀)

            ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပ၍ အရည်အချင်းရှိသည့် မျိုးဆက်သစ် လူငယ်အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဘားအံ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

            အဆိုပါပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဖူဆယ်အသင်း(၇)သင်း အားကစားသမား ၇၀ ဦးက အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့် သံတောင်ကြီးမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖူဆယ်အားကစားဝါသနာရှင်များက ကြည့်ရှု အားပေးခဲ့ကြကာ အဆိုပါဗိုလ်လုပွဲစဉ်တွင် ဘားအံမြို့နယ်အသင်းက သံတောင်ကြီးမြို့နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင် ရဗိုလ်စွဲခဲ့သည်။

            ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုတို့ကိုလည်းကောင်း၊ လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်းက တတိယဆုရရှိသည့် ဖာပွန်မြို့နယ်အသင်းအား တစ်ဦချင်းလည်ဆွဲဆု နှင့်ငွေသားဆုတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက ဒုတိယဆုရရှိသည့် သံတောင်ကြီးမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့်ငွေသားဆုတို့ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု ၁၀ သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။