ဘားအံ - အောက်တိုဘာ (၁၆)

            ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပပြီး အရည်အချင်းရှိသည့် မျိုးဆက်သစ်လူငယ် အားကစားသမားများကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အားကစားသည် လူငယ်များ၏ ကာယ၊ ဥာဏ၊ စာရိတ္ထပိုင်းကို ဖွံ့ဖြိုးတိုး တက်စေရုံသာမက စည်းလုံးညီညွတ်မှုကိုပါ ဖော်ဆောင်ပေးနိုင်သည့်စွမ်းအားရှိသည့်အတွက် မြို့နယ်အသီးသီးမှပြိုင်ပွဲအား ကစားသမားများအနေဖြင့် မိမိတို့မြို့နယ်အသင်း အောင်မြင်မှုရရှိရန်အတွက် အားကစားစိတ်ဓာတ်ပြည့်ဝစွာ၊ စည်းကမ်း ကောင်းမွန်စွာ၊ အားကစားသမားကောင်းပီသစွာဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

            အဆိုပါပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဖူဆယ်အသင်း(၇)သင်း အားကစားသမားပေါင်း(၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံအားပေးစကားပြော ကြားပြီး အသင်းတစ်သင်းလျှင် ငွေကျပ်(၁၇)သိန်းစီချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အနေဖြင့် ဘားအံမြို့နယ်အသင်းနှင့်မြဝတီမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင် ရာများ၊ ဖူဆယ်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက်(၃)ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် Finn Civil Aid(FCA Myanmar) တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးလက်နေအမျိုးသမီးများအတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းစီမံကိန်းဖြင့် ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း ပွဲကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန Incubation Center ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအနေဖြင့် မိမိတို့ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းအရင်း အမြစ်များကိုအသုံးချပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းရှင်များအဖြစ် တက်လှမ်းနိုင်ရေး အတွက် ယခုသင်တန်းမှသင်ကြားပေးခဲ့သော နည်းပညာများ၊ အသိပညာများကို ပြန်လည်အသုံချပြီး တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်ကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ အား ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းထွက်ကုန်ချောပစ္စည်းများကို ပေအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါ သင်တန်းတွင် ဘားအံမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်တို့မှ သင်တန်းသူ ၃၀ ဦးအား ဒေသထွက်သီးနှံများကိုအခြေခံ၍ ‌ယိုနှင့်ဖျော်ရည်အမျိုးမျိုးပြုလုပ်နည်း၊ ဝိုင်အမျိုးမျိုးပြုလုပ်နည်း၊ ထောပတ်ပေါက်ပေါက်မြေပဲယို၊ မြေပဲဆားလှော်၊ မျှစ်နှမ်း ကပ်ကြော်၊ မှိုခြောက်ကြော်၊ သစ်သီးဂျယ်လီပြုလုပ်နည်းများအပြင် စားသောက်ကုန်များကိုအရည်အသွေး စံချိန်စံညွှန်းပြည့် မီစွာနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေး Labeling ဆိုင်ရာသိကောင်းစရာများသိရှိနိုင်ရေး၊ ဒေသထွက်ကုန် ကြမ်းများကို နည်းပညာအကူအညီဖြင့် တန်ဖိုးမြှင့်အောင်ထုပ်ပိုးပြင်ဆင်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုမှသည် ဈေးကွက်သို့ ထိ ရောက်စွာချိတ်ဆက်ရောင်းချနိုင်ရေးစသည့်အသိပညာ၊နည်းပညာများကို စာတွေ့ ၃၀ ရာခိုင်နှုန်း၊လက်တွေ့ ၇၀ ရာခိုင်နှုန်း ဖြင့် စနစ်တကျသင်ကြားပေးခဲ့ပါသည်။