ဘားအံ - အောက်တိုဘာ (၁၄)

            လူတစ်ဦးတစ်နှစ်ဆီစားသုံးမှု ၆ ပိဿာနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း ဆီဖူလုံမှုသည် ၈၄ ဒဿမ ၇၄ ရာခိုင်နှုန်းသာ ရှိသည့်အတွက် ဒေသတွင်းစားသုံးမည့်ဆီဖူလုံမှုရှိစေရေး ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး လျက်ရှိရာ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဆောင်းဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများအား ကရင်ပြည် နယ်အစိုးရအဖွဲ့မှ နေကြာမျိုးစေ့များနှင့်ပဲပုပ်မျိုးစေ့များ၊ တောင်သူနှင့်အကျိုးတူလယ်ယာစနစ်ဖြင့်ဆောင်ရွက်မည့် အောင် ဆန်းငွေလာကုမ္ပဏီမှ ဆီထွက်ပဲပုပ်မျိုးစေ့များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွက် စားသုံးဆီဖူလုံရေးကို ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ရာနှုန်းပြည့်ဖူလုံစေရေး ရည်မှန်းချက်ချမှတ်ဆောင်ရွက်စေလိုပြီး ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများ အထွက် နှုန်းတိုးတက်ထွက်ရှိရေး၊ ပန်းတိုင်ထွက်ရှိသည့်ဧကများတိုးတက်စေရေး၊ အကျိုးတူလယ်ယာလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများကို အားပေးကူညီဆောင်ရွက်ပေးရေး၊ တောင်သူကြုံတွေ့ရသည့်အခက်အခဲများ ဝိုင်းဝန်းအဖြေရှာ ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်မည်ဆိုပါက ဆီဖူလုံမှုတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင် ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အောင်ဆန်းငွေလာကုမ္ပဏီတို့က ဆောင်းဆီထွက်သီးနှံ နေကြာ ဧက(၂၀၀၀)အတွက် မျိုးစေ့များ၊ ဆီထွက်နှုန်းကောင်းသည့် ရေဆင်း-၁၅ ပဲပုပ်မျိုး ၁၄၀ တင်း တို့ကို တန်ဖိုး၏တစ်ဝက်နှုန်းဖြင့်လည်းကောင်း၊ တောင်သူနှင့်အကျိုးတူလယ်ယာစနစ်(Contrat Farming)ဆောင်ရွက်မည့် အောင်ဆန်းငွေလာကုမ္ပဏီက ဧက(၁၀၀၀)အတွက် ပဲပုပ်မျိုးစေ့များ၊ ဒေါနရွှေမြေအင်တာနေရှင်နယ်ကုမ္ပဏီက ဧက(၁၀၀) အတွက် ပဲပုပ်မျိုးစေ့များကို လည်းကောင်း ချီးမြှင့်ပေးအပ်ကြရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် ပြန်လည်ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်သူများအား ချီးမြှင့်ပေးအပ်သည့် နေကြာမျိုးစေ့ များနှင့်ပဲပုပ်မျိုးစေ့များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကာ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မြေအသုံးချရေးနှင့်ပိုးမွှားရောဂါကာကွယ် ရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုရေး အစရှိသည့် စိုက်ပျိုးရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက်  ပြည်နယ်အတွင်းငါးသယံဇာတပေါ်များ၍ ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝရေပြင် မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်အရှေ့ကျေးရွာ၊ ဂျိုင်းမြစ် အတွင်း ငါးမျိုးများစိုက်ထည့်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇာသပြင် ကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများက ငါးမြစ်ချင်း ကောင်ရေ ငါးသောင်း၊ ငါးခုံးမကြီးကောင်ရေ ငါးသောင်း စုစုပေါင်းငါးကောင်ရေ တစ်သိန်း ကို ဂျိုင်းမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။

            ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ငါးကောင်ရေ ၁၀ သိန်းကို ငါးမျိုးစိုက်ထည့်ပေးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ငါးမျိုးစိုက်ထည့်ပွဲ ၁၂ ကြိမ်ဖြင့် ငါးကောင်ရေ (၁၀)သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ပါသည်။