ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 09 Posted Under:

ဘားအံ- မတ်( ၉ )

                 ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မတ်လ( ၈ ) ရက်နေ့ ၊ မွန်းလွဲ (၂) နာရီခန့်က ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

            ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်နေသော အလျား (၁၂၀) ပေ အနံ (၅၆) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ( ၃ ) ထပ်တိုးချဲ့ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်နှင့် အဆောက်အဦဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးမြင့်သူတို့က (၃)ထပ်တိုးချဲ့ဆောင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်၌ (၁၉၇'x ၁၄၇'x၄၈') RC (၄)ထပ်ကျောင်းသူအိပ်ဆောင်နှင့် (၁၀၀'x၅၀') RC တစ်ထပ် ထမင်းစားဆောင်တည်ဆောက်နေမှု၊ (၁၄၀'x၄၀') (၆ခန်းတွဲ ၃ ထပ်) ဆရာ/မနေအိမ် တည်ဆောက်မည့်မြေနေရာနှင့် (၂၁၆' x ၃၈') (၃)ထပ် စာသင်ဆောင်တည်ဆောက်ခြင်းတို့ကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဘားအံတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများက အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆောက်လုပ်နိုင်ခြင်းမရှိသေးသည့် (၃) ထပ်စာသင်ဆောင်တစ်ဆောင်အား အမြန်ဆောက်လုပ်ရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ မြန်မြန်ဆန်ဆန်ဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြ ရန်မှာကြားခဲ့သည်။

            ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)၌ (၁၃၀' x  ၉၀') ဘက်စုံသုံးအားကစားခန်းမတစ်လုံးတည်ဆောက်မည့်မြေနေရာနှင့် (၂၀၀' x ၃၅')(၂)ထပ် ကျောင်းသား/သူ ၁၀၀ ဦးဆံ့အိပ်ဆောင်၊ (၆၀' x ၄၀') တစ်ထပ်ထမင်းစားဆောင်၊ (၁၀၀'x ၂၅ x ၄၂') (၄ခန်းတွဲ ၄ထပ်) ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုများကို လည်ကောင်း၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၌ (၁၂၅'x ၃၅')Canteen ဆောက်လုပ်ခြင်းနှင့် (၁၂၀'x ၈၈' x ၂၇') ဘက်စုံသုံးအားကစားခန်းမတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်းခွင့်တို့ကို သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

PREVIOUS POST