ဘားအံ - နိုဝင်ဘာလ (၂)
နိုဝင်ဘာလ(၇)ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် ဌာနနှစ်ပတ်လည် နေ့ အထိမ်းအမှတ်အနေဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမင်းရွှေဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှဝန်ထမ်းများသည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)သုံးထပ်တိုးချဲ့လူနာဆောင်၌ စုပေါင်းသွေးလှူဒါန်းကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းပွဲတွင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှ ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းကြ မည့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေး အမျိုးအစားခွဲခြားခြင်းနှင့် သွေးလှူဒါန်းနိုင်ရန် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းများကို ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းပေးနိုင်ရန် ကျန်းမာရေးပြည့်မီကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်းများက သွေးသန့်များဖောက်ထုတ်လှူဒါန်းပေးနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ သွေးလှူရှင် များအား အာဟာရဖြည့်စွက်အစားအစာများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် ယနေ့သွေးလှူဒါန်းပွဲမှတစ်ဆင့် ပြည်နယ် ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအတွက် သွေးသန့်များကို လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်ကာလတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေးယန္တရားပိုမိုအားကောင်းလာစေရန်နှင့် ပိုမိုကောင်း မွန်သော ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် မိမိတို့ကျရာကဏ္ဍအသီးသီးမှ တာဝန်သိသိ သစ္စာရှိရှိဖြင့် တာဝန်ကျေ ပွန်စွာ ဆက်လက်သယ်ပိုးထမ်းရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆု၊ ဝန်ထမ်းများအား တူညီဝတ်စုံ၊ ချီးမြှင့်ငွေနှင့် ဆန်၊ ဆီ၊ ကြက်ဥအစရှိသော အခြေခံစားကုန်များကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး က ဝန်ထမ်းများအား တူညီဝတ်စုံနှင့်အခြေခံစားကုန်များကို ချီးမြှင့်ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















