ဘားအံ - အောက်တိုဘာ (၂၆)

            သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် ဗုဒ္ဓဘာသာနွယ်ဝင် မြန်မာတိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်သည်နှင့်အညီ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သီတင်းကျွတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်း ပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဘားအံမြို့၊ သီရိကွင်း၌ သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် မြန်မာလူမျိုးများ အတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်းရင်းသားလူမျိုးအားလုံးနှင့်သက်ဆိုင်ပြီး မြတ်စွာဘုရားရှင်အားဆီမီးထွန်းညှိ ပူဇော်ခြင်း၊ သက်ကြီးရွယ်အိုများ၊ မိဘများနှင့်ဆရာသမားများအားကန်တော့ခြင်း၊ ရိုသေလေးစားခြင်း၊ ကုသိုလ်ကောင်းမှု များပြုလုပ်ခြင်းတို့မှတစ်ဆင့် မြန်မာတို့၏ကောင်းမြတ်သောအစဉ်အလာများကိုဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မီးပုံးပျံကြီးများလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့ များနှင့်လူမှုရေးအသင်းအဖွဲ့များအား မီးပုံးပျံကြီးတစ်လုံးလျှင် ငွေကျပ်(၇)သိန်းစီပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် မီးပုံပျံလွှတ်တင်ပူဇော်ပွဲစတင်နိုင်ကြောင်း မင်္ဂလာရွှေမောင်း(၃)ချက်တီးခတ် အချက်ပေးရာ မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့များက အောက်ခြေအချင်း ၆ ပေ၊အမြင့် ၄၀ ပေနှင့်အထက်ရှိ သော    မီးပုံးပျံကြီးအလုံး ၃၀ ကို အိုးစည်ဗုံမောင်းများ၊  အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် လွှတ်တင်ပူဇော်ကြသည်နှင့် တစ်ပြိုင်နက်  ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက မီးပုံးပျံအသေး အလုံး ၂၀၀ ကို လွှတ်တင်ပူဇော် ကြသည်။

            သီတင်းကျွတ်အခါသမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်တွင် သံဃာတော်နှင့်သီလရှင် ၂၇၈၀ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပြီး ယနေ့နံနက်တွင် မီးပုံပျံ ၂၃၀ လုံးကိုလွှတ်တင်ပူဇော်ခဲ့ ကာ မွန်လွဲပိုင်းတွင် သံဃပဝါရဏာသိမ်းဆင်းလောင်းလှူပွဲ၊ ညဦးပိုင်းတွင် သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ဆီမီး ၉၀၀၀ ထွန်း ညှိပူဇော်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များအနေဖြင့် ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်းဖြင့် ပါဝင်ဆင်နွှဲနိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မီးပုံပျံလွှတ်တော်ပူဇော်နေမှုအား လိုက်လံကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဩဝါဒစရိယ သာသနာ့ဟိတဓရကြာအင်းကျောင်းဆရာတော်ဘဒ္ဒန္တဣန္ဒာစာရ အမှူးပြု သောဆရာတော်၊သံဃာတော်များသည် ဝါလကင်းလွတ်သီတင်းကျွတ်လပြည့် အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဘားအံမြို့၊ မဲဘောင်ကျောင်းတိုက် သာသနသာမဂ္ဂီသိမ်တော်ကြီးတွင်စုရုံး၍ သံဃပဝါရဏာပြုတော်မူကြရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သံဃာတော်များ၏တပည့်ဒါယကာ၊ဒါယိကာမများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက စုပေါင်း၍ သံဃပဝါရဏာ သိမ်ဆင်းလောင်းလှူခဲ့ကြသည်။

            မဲဘောင်ကျောင်းတိုက် သာသန သာမဂ္ဂီသိမ်တော်ကြီးအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ ဩဝါဒ ဆရာတော်ကြီးများ၊ သံဃာတော်များက ပဝါရဏာပြုတော်မူကြပြီး ပဝါရဏာပြုပြီးသည့် ဆရာတော်၊သံဃာတော်များအား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ်ရှိ စေတနာရှင်၊ အလှူရှင်များက သိမ်ဆင်းလောင်း လှူကြရာ သံဃာတော်စုစုပေါင်း ၃၆၀ ပါးကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ စုပေါင်းလောင်းလှူခဲ့ကြ ပါသည်။