ဘားအံ - အောက်တိုဘာ (၁၇)

            ကရင်ပြည်နယ်၏မြို့တော် ဘားအံမြိုကို မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေး၊ သန့်ရှင်း သာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းတိုက်၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်၊ အမှတ်(၅)ရပ်ကွက်ရှိ သိရီမဏ္ဍိုင်ကျောင်းတိုက်တို့တွင် ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင် ရာများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ယာဉ်၊ယန္တရားများအသုံးပြုပြီး ဘုန်းတော်ကြီးကျောင်းပရိဝုဏ်အတွင်း/အပြင် ရှိ စွန့်ပစ်ပလက်စတစ်နှင့်အမှိုက်သရိုက်များအားဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်းတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ဘားအံဌာနခွဲ)နှင့် ဘားအံတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော ကရင်ရိုးရာဒုံးအကသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ဒုံးအက သင်တန်းကို တက်တက်ကြွကြွစိတ်ပါဝင်စားစွာတက်ရောက်သင်ကြားကြပြီး မိမိတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းကြသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ စာပေ၊ အနုသုခုမများကိုမြတ်နိုးတန်ဖိုးထားကြပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်အမျိုးသားရေးလက္ခဏာများကို မပျောက်ပျက်အောင်အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်ကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

            အဆိုပါဒုံးအကသင်တန်းတွင် ဘားအံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူ ၈၄ ဦး တက်ရောက် သင်တန်းဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့်သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်း လွှာများ ချီးမြှင့်ပေးအပ်ကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

            ထို့နောက် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများက ကရင်ရိုးရာဒုံးအကဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။