ဘားအံ - အောက်တိုဘာ (၂၈)
နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ချယ်ရီ(၅)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အတွက် အစိုးရအဖွဲ့တစ်ခုတည်း၏ဆောင်ရွက်မှုသာမက သက်ဆိုင်ရာဌာနများ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ များ၏ ပူးပေါင်းပါဝင်မှုလည်းလိုအပ်ပြီး အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် အားလုံးက တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး လှာကမြင်ရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစော ခေါင်ပန်ထော့နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ချယ်ရီ(၅)လမ်း ကွန်ကရစ်လမ်း သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြ သော ယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၃၇၀ ဒဿမ ၇ သန်းဖြင့် အရှည် ၂၂၇၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ ချယ်ရီ(၅)လမ်း ကွန်ကရစ် လမ်းသစ်ကို ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ လှာကမြင်မြို့ကွက်သစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်လွန်ကတ္တရာလမ်း(၄)လမ်း၊ ကွန်ကရစ်လမ်း (၃၇) လမ်း၊ မြေသား လမ်း (၁)လမ်းနှင့် Box Culvert(၁၉)စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကာ ပြည်သူများအမှန်တကယ်အကျိုးရှိစေသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။















