ဘားအံ -မေ (၂၁)

            ဘားအံမြို့နယ်အတွင်းရှိ မိုးစပါးထွန်ယက်စိုက်ပျိုးကြမည့် တောင်သူလယ်သမားများ မိုးစပါးထွန်ယက်နိုင်ရန် အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စိုက်ပျိုးတောင်သူများလက်ဝယ်အရောက် စက်သုံးဆီများကို ဖြန့်ဖြူး ရောင်းချပေးလျက်ရှိရာ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ DENKO 2 ဆီဆိုင်တွင် စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

            ယခုကဲ့သို့ဖြန့်ဖြူးရောင်းချပေးခြင်းသည် မိုးစပါးအတွက် စတုတ္ထအကြိမ်ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပြီး စိုက်ပျိုး တောင်သူများရေပြည့်ဝစွာရရှိရေးရေတင်နိုင်ရန်၊ မိုးစပါးနှင့်အခြားသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေး မြေယာထွန်ယက် ပြုပြင်နိုင်ရန်အတွက် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ကာ တောင်သူတစ် ဦးလျှင် စက်သုံးဆီ ၅ ဂါလန်နှုန်းဖြင့် ကျေးရွာပေါင်း ၁၉ ရွာမှ တောင်သူ ၃၈၀ ဦး၏ စိုက်ဧက ၉၅၀ ဧကအတွက် စက်သုံးဆီ ၁၉၀၀ ဂါလံကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

            တောင်သူလယ်သမားများ စိုက်ပျိုးရာသီတွင် အဆင်ပြေချောမွေ့စွာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ် အစိုးရ၏အစီအစဉ်ဖြင့် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်များအလှည့်ကျပူးပေါင်း၍ရောင်းချပေးခြင်းဖြစ်ပြီး ယနေ့ထိ စက်သုံးဆီ ဒီဇယ်၊ဓာတ်ဆီ စုစုပေါင်း ၅၄၅၀ ဂါလံကျော်ကို တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။