ဘားအံ - ဩဂုတ် (၁၇)

            တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ကြည်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဖြေကြားကြပြီး ကရင်ပြည်နယ်စာကြည့်တိုက်ဥပဒေကြမ်းကို ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့ကြသည်။

            ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ သဘောထားရယူ၍ အစည်းအဝေးပဥ္စမနေ့အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏အတည်ပြုချက် ရယူမှတ်တမ်းတင်သည်။

            ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများ၏အရေး၊ စက်သုံးဆီလုံလောက်စွာရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဘားအံမြို့ ရေကြီးရေလျှံမှုကာကွယ်နိုင်ရန် တာတမံတည် ဆောက်ပေးနိုင်ရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းကြရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

            ယင်းနောက် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တင်သွင်းသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းဆိုင်ရာလျာထားချက်စာရင်းများနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးတို့က ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးက တင်သွင်းသည့် ကရင်ပြည်နယ်ဥပဒေကြမ်းကို အတည်ပြုပေးနိုင်ပါရန် ပြည်နယ်လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး က ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်းရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိ သဘောတူညီ ကြသည့်အတွက် ပြည်နယ်လွှတ်တော်မှအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်နယ် စာရင်းစစ်ချုပ်မှတင်သွင်းသည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ကြပြီး ယင်းအစီရင်ခံစာအား ပြည်နယ် လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာပြီး အစည်းအဝေးပဥ္စမနေ့ရပ်နားကြောင်းနှင့် ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အစည်းအဝေးဆဋ္ဌမနေ့ကို ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။