ဘားအံ - ဩဂုတ် (၁၂)

 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း မြစ်ရေများစီးဝင်ပြီး ၎င်းတို့နေအိမ်တွင်ဆက်လက်နေထိုင်ရန်မသင့်တော်တော့သည့် အိမ်ထောင်စုများအား ဘေးလွတ်ရာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေရာချထားပေးခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက် မဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားရုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေရာချထားပေးသော အိမ်ထောင်စုများအား သွားရောက် တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီရေဘေးကယ်ဆယ်ရေး စခန်းများတွင်နေထိုင် စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ကျအဖွဲ့များနှင့်ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များကလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးရင်းနှီး ချစ်ကြည်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားကြစေလိုကြောင်းပြောကြားကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၃၈၅၅၀၀ဝိ/-(သုံးဆယ်ရှစ်သိန်းငါးသောင်းငါးထောင်ကျပ်)၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ သော ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ လေသာကျောင်းယာယီရေဘေး ကယ်ဆယ်စခန်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၁၁၇၀၀၀ဝိ/- (တစ်ဆယ့်တစ်သိန်းခုနှစ်သောင်းကျပ်)နှင့် ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥ အစရှိသော စားသောက်ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။