ဘားအံ - ဩဂုတ် (၂၀)

            ၂၀၂၆ ခုနှစ်၊ ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှား မှုအထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူလူထုတစ်ရပ်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင် နိုင်ရေး၊ မိခင်နှင့်ကလေးကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ အာဟာရပြည့်ဝ၍ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်သည့် မျိုးဆက်သစ်များပေါ်ထွန်းလာစေရေးနှင့် အနာဂတ်တွင်ကျန်းမာဖွံ့ဖြိုးသာယာစေရေးအတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ပြီးအားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်း သား၊ကျောင်းသူများ၏ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်ပါအချက်အလက်များကို ပြန်လည်သုံးသပ်၍ လိုအပ် သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို  ထိထိရောက်ရောက်ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

            ထို့နောက် တက်ရောက်လာသူများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် မှတ်တမ်း Video Clip ကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသူများကို လည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ဆု ရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံပညာအလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင်ဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်လူမှုရေးဝန်ကြီးက အခြေခံပညာမူလတန်းအဆင့်ပန်းချီ ပြိုင်ပွဲ တွင် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်တာဝန် ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဆုရစာစီစာကုံး ပန်းချီလက်ရာများ၊ အာဟာရပြည့်ဝကျန်းမာအောင် စားသုံးပေးရမည့် အစာအုပ်စုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။

            ကရင်ပြည်နယ်အတွင်း အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုများအနေဖြင့် ဩဂုတ်လ ပထမ ရက်သတ္တ ပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို အသက်ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များအာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်အဖြစ် အပတ်စဉ် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့် နှင့်တာဝန်ရှိသူများက ကလေးသူငယ်များအား ကြက်သားဆန်ပြုတ်များတိုက်ကျွေး၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၏ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် သရုပ်ပြချက်ပြုတ်ခြင်းကို ကြည့်ရှုအားပေးပြီး အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးတိုက်ကျွေး၍ ထီးနှင့်ကျောပိုးအိတ်များဝေငှပေးကြကာ ကိုယ်ဝန်ဆောင်မိခင်များ နှင့် နို့တိုက်မိခင်များအား အာဟာရလက်ဆောင်ဆွဲခြင်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။