ဘားအံ - ဩဂုတ် (၁၃)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အဆင့် စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး၊မွေးမြူရေးကဏ္ဍမြှင့်တင်ရေး အတွက် အကောင်အထည်ဖော်ရေးကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်းစားရေရိက္ခာဖူလုံရေးသည် အဓိကအရေးပါသည့် အခြေခံ အကျဆုံးကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် စိုက်ဧကတိုးချဲ့စိုက်ပျိုးမည့်အစား လက်ရှိစိုက်ဧကများကို ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးကြရန်၊ သီးထပ်စွမ်းအားတိုးချဲ့စိုက်ပျိုးကြရန်၊ စက်မှုကုန်ကြမ်းသီးနှံများဖြစ်သော ရာဘာနှင့်ကော်ဖီသီးနှံ တို့ကို တိုးချဲ့စိုက်ပျိုးရန်၊ ဥယျာဉ်ခြံသီးနှံဖြစ်သော ချဉ်ပေါင်ဖာလာ၊ ဝဥ၊ နနွင်း၊ ငရုတ်ကောင်းတို့ကို တိုးချဲ့စိုက်ပျိုးကြရန်၊ အသား၊ ငါး၊ ဥ၊ နို့ လုံလောက်မှုရှိအောင် ပိုမိုတိုးချဲ့မွေးမြူကြရန် တိုက်တွန်းပြောကြားပြီး လိုအပ်သည်များနှင့်အခက်အခဲများ ရှိပါက ယခုအစည်းအဝေးတွင် ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်လွင်က ပြည်နယ်အတွင်း မိုးစပါးနှင့် အခြားသီးနှံစိုက်ပျိုးပြီးစီးမှုနှင့်ဆက်လက်စိုက်ပျိုးဆောင်ရွက်နေမှုအခြေအနေ၊ သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေးဆောင် ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံများစိုက်ပျိုးပြီး စီးမှုအခြေအနေ၊ သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်မည့်အစီအစဉ်၊ Pilot Project အနေဖြင့် အိမ်ခြံဝင်း ဟင်းသီးဟင်းရွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ စားသုံးမှိုစိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ နည်းပညာပေးသင် တန်း၊ ဆွေးနွေးပွဲနှင့်ကွင်းသရုပ်ပြပွဲများဆောင်ရွက်မှု၊ ဒေသတွင်း အသား၊နို့၊ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့်ဖူလုံမှုအခြေအနေ၊ ဒေသလူဦးရေ၏ စားရေရိက္ခာလိုအပ်ချက်အရ ငါးမွေးမြူရမည့်ပမာဏ၊ နှစ်အလိုက်တိုးချဲ့မွေးမြူမည့်အစီအစဉ်၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြကာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက်ပျိုးပြီးစီးမှုနှင့်ဆက်လက်စိုက်ပျိုးနေသည့်အခြေအနေ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

            ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြဆွေးနွေး မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။