ဘားအံ - ဩဂုတ် (၁၉)

            ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေ ရန်နှင့် အရည်အသွေးပြည့်ဝသည့် သက်ရှည်ကျန်းမာသောဘဝကိုရရှိပိုင်ဆိုင်နိုင်စေရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနနှင့်ကုသရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် တက်ရောက်ဆေး ကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်စာများ သွားရောက်ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သည် ကုတင်(၃၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးဖြစ်သည်နှင့်အညီ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကျော်စွာမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်တို့၏ ကြီးကြပ်မှုဖြင့် အထူးကု သမားတော်ကြီးများ၊ အထွေထွေရောဂါခွဲစိတ်ကု၊ အရိုးခွဲစိတ်၊ မျက်စိခွဲစိတ်၊ နား နှာခေါင်း လည်ချောင်း ဦးခေါင်း နှင့်လည်ပင်းခွဲစိတ်၊ သွား၊‌ မေးရိုးနှင့်ခံတွင်းခွဲစိတ်ကု၊ အရေပြားရောဂါဆေးကု၊ စိတ်ကျန်းမာရေးဆိုင်ရာ‌နှင့်အကြောအဆစ် ပြန်လည်သန်စွမ်းရေးစသည်ဖြင့် ဖွဲ့စည်းပုံပြည့် ဆေးပညာဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့်ရောဂါရှာဖွေကုသပေးခြင်းများကို ပိတ်ရက်မရှိနေ့/ညဆောင်ရွက်ပေးလျက်ရှိကာ တစ်ရက် လျှင်ပျှမ်းမျှ ပြင်ပလူနာနှင့်အတွင်းလူနာပေါင်း သုံးရာကျော်ကို လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးနေရသော ဆေးရုံ တစ်ရုံ ဖြစ်သည်။

            ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) မျက်စိ၊နား နှာခေါင်းလည်ချောင်း၊က‌လေး၊အရိုးခွဲစိတ်၊ဖျားနာ အစရှိသည့် လူနာဆောင်များတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ များအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ လိုအပ်သည့်ကုသမှုများဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန် လာမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး ကြက်ဥ၊ ခေါက်ဆွဲခြောက် အစရှိသော အာဟာရဖြည့်စွက်စာ များကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ထိုသို့ အာဟာရဖြည့်စွက်စာများ ချီးမြှင့်ပေးအပ်စဉ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဆေးရုံအုပ်ကြီးတို့ က ဆေးရုံ၏လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ  အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်း များအား အာဟာရ ဖြည့်စွက်စာများ ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။