ဘားအံ - ဒီဇင်ဘာ (၁)
ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲပေးခွင့် ရှိသူအားလုံးမဲပေးခွင့်မရှုံးဆုံးစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တရားမဝင်ကုန်သွယ်မှုနှင့်ငွေးကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းများ နှင့်သက်ဆိုင်သော ဌာနအသီးသီးက ထိရောက်စွာပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ဒီဇင်ဘာလူထု အားကစားလ တွင် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အားကစားပြိုင်ပွဲများကို စည်စည်ကားကား ကျင်းပပေးစေလိုပြီး အားကစားကွင်း၊ အားကစားရုံများ သက်ဝင်လှုပ်ရှားမှုရှိစေရေး ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သိက္ခာရှိသောရွေးကောက်ပွဲဖြစ်စေရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြပ်ကြပ်မတ် မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စီမံကိန်းလုပ်ငန်းများနှင့်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ် စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာဌာန များအလိုက် မဲစာရင်းပါရှိမှု၊ ကျန်ရှိမှု၊ ပြန်လည်လျှောက်ထားမှုနှင့် မဲစာရင်းပါရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။















