ဘားအံ - အောက်တိုဘာ (၈)
အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှ ၂၀၀၈ ခုနှစ်မှစ၍ သုံးနှစ်လျှင်တစ်ကြိမ်စိစစ်ရွေး ချယ်လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ဘားအံမြို့ကရရှိခဲ့ပြီး အဆိုပါဆုအား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့တော်ပတ်ဝန်းကျင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသောမြေ ဖြစ်စေရေး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် အစဉ်အမြဲ စိမ်းလန်းစိုပြည်စေရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ကျန်းမာ၍ဘေးအန္တရာယ်ကင်းရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်ပေးနိုင်ပြီး ကမ္ဘာလှည့်ခရီး သွားများအား ဆွဲဆောင်လာနိုင်ခြင်းစသည့် အကျိုးရလဒ်များအပြင် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကောင်း တစ်ခုကိုလည်း ရရှိလာနိုင်စေမည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ပိုမိုဖြစ်ထွန်း ပေါ်ပေါက်လာစေရေး မြို့၊ ရွာ၊ လမ်းများအား သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ပေးကြစေလို ပြီး ခရီးစဉ်ဒေသများတွင်ရှိသည့် သဘာဝဂေဟစနစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ထံ (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး သော မြို့ကြီးများဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက အပ်နှင်းပြီး ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးက (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုး သော မြို့ကြီးများဆု တံဆိပ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များက ဆုရဗီဒီယိုအား အတူတကွကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားခဲ့သည်။
အလားတူ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အောက်တိုဘာလကျောင်းပိတ်ရက်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အခြေခံပညာတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပညာ ကျောင်းသား၊ကျောင်းသူများအတွက် ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ကြမည့်မောင်မယ်များ အနေဖြင့် သင်တန်းအောင်မြင်ပြီးမြောက်ပါက အခြေခံပညာကျောင်းကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာ လုပ်အားရှင်မောင်မယ်များအဖြစ် လူမှုအသိုင်းအဝိုင်းအတွင်း လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် ရှေးဦး ပြုစုခြင်း (First Aid)အလေ့အကျင့်ကောင်းများဖြင့် မိမိတို့ကျောင်းအတွက် အကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ နိုင်ငံအကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမိုပြီး စံနမူနာပြစွမ်းစွမ်းတမံတက်တက်ကြွကြွဆောင်ရွက် သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အခြေခံပညာကျောင်းပေါင်းစုံ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အတွက် ငွေကျပ် ၈၆၂၅၀၀ဝိ/-(ရှစ်ဆယ်ခြောက်သိန်းနှစ်သောင်းငါးထောင်ကျပ်)ကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဦးစသိန်းကျော်ထံ ချီးမြှင့်ပေးအပ်းအပ်သည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက အခြေခံပညာကျောင်းပေါင်းစုံရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ယနေ့ဖွင့်လှစ်သည့်သင်တန်း တွင် အခြေခံပညာအထက်တန်းဆင့်သင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၅၀ ဦးတက်ရောက်ကြပြီး နည်းပြ၊ကြီးကြပ်သူ ၂၀ ဦးဖြင့် အောက်တိုဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။















