ဘားအံ - စက်တင်ဘာ (၂၃)
ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအချင်းချင်း အချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၏ (၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပ သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က မဲစာရင်းပြုစုရာတွင် ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းများပထမအကြိမ်ကပ်ထားကြေညာနိုင်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေး၊ ကြိုတင်ဆန္ဒမဲပေးနိုင် ရေး အစရှိသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တစ်ဝက်သို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လျာထားအခွန်ငွေအရပ်ရပ်နှင့်ပတ်သက်၍ အခွန်နှုန်းထား တိုးမြင့်ကောက်ခံခြင်းမရှိဘဲ အခွန်ကောက်နယ်ပယ်ချဲ့ထွင်ဆောင်ရွက်၍ လျာထားချက်ရာခိုင်နှုန်း ပြည့်မီကျော်လွန် အောင် ကောက်ခံရရှိနိုင်ရေးဆောင်ရွက်ပေးကြစေလိုကြောင်း၊ သီတင်းကျွတ်ပွဲတော်ကို မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၊ သံဃာပဝါရဏာပွဲ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအားပင့်ဖိတ်ပူဇော် ကန်တော့ပွဲ၊ ဌာနပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပသွားမည် ဖြစ်၍ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ဆင်နွှဲနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြော ကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်(၃/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိစေရေး၊ အရေးကြီးအချက်အလက်များလုံခြုံမှုရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာနှစ် (၆)လကျော်လွန်ခဲ့ပြီးဖြစ်သည့်အတွက် တည်ဆောက်ရေး လုပ်ငန်းများဆောလျင်စွာပြီးစီးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ တင်ပြ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။















