ဘားအံ - ဇူလိုင် (၂၇)
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်ဘောလုံးအသင်းသည် ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့သို့ မော်တော်ယာဉ် များဖြင့် ပြန်လည်ရောက်ရှိလာရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဘောလုံးအားကစားကိုချစ်မြတ်နိုး ကြသောဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊သိပ္ပံနှင့်သင်တန်းကျောင်းများ၊အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ဆရာမများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မြို့သူမြို့သား များ၊ အားကစားဝါသနာရှင်များက သံလွင်တံတားအဆင်း ဘားအံမြို့အဝင်မုခ်ဦး၌ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရအားကစားသမားများအား ပန်းကုံးစွပ်၍ အောင်သပြေခက်ကမ်းပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကာ ပြည်နယ် ဝန်ကြီးချုပ်က ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တံခွန်စိုက်ဆုဖလားရ ကရင်ပြည်နယ်အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့တံခွန်စိုက်ဆုဖလားကြီးကို ရယူပေးခဲ့သည့် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်ရသည့်အခမ်းအနားမျိုးကို ကရင်ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် အကြိမ်ပေါင်းများစွာကျင်းပခွင့်ရရှိလိုပြီး အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘောလုံးတံခွန်စိုက်ဆုဖလားကြီး ကို ကရင်ပြည်နယ် ဇွဲကပင်တောင်အရိပ်အောက်တွင် နားခိုနိုင်အောင် ကြိုးစားယှဉ်ပြိုင်ကစားခဲ့ကြသည့် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်မှုအဖွဲ့၊ အားကစားသမားများနှင့် လိုအပ်သည်များဖြည့်ဆည်းကူညီ ပေးကြသော အားကစားဝါသနာရှင်များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းက တံခွန်စိုက်ဆုဖလားကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုငွေကျပ် သိန်း(၃၀)ကို ပေးအပ်ချီးမြှင့်ပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲ အတွေ့အကြုံများ ရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့ ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားတွင် ပြည်နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများက အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းအား စုစုပေါင်းငွေကျပ် ၈၁၂ သိန်း ကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြပြီး ဂုဏ်ပြုစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အောင်ပွဲရအားသစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် အောင်ပွဲရကရင်ပြည်နယ်ဘောလုံးအသင်းသည် တံခွန်စိုက်ဆုဖလားနှင့်အတူ ဘားအံမြို့အတွင်း လှည့်လည်အောင်ပွဲခံရာ အားကစားဝါသနာရှင်များနှင့်ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ခဲ့ပါသည်။















