ဘားအံ - မေ (၂၆)
နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့် ကရင်ပြည်နယ်အတွင်းလုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများအကြား အချင်း ချင်းအချိတ်အဆက်မိမိဖြင့် ပိုမိုထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်အစိုးရ အဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် GDP ၂ ဒဿမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ရန်မျှော်မှန်းထားကာ ထို့ထက်ပို၍တိုးတက်အောင် အကောင်အ ထည်ဖော်ဆောင်ရွက်ဖို့လိုကြောင်း၊ မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေး၊ တရားမဝင်ယာဉ်၊ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ကုန်သွယ်မှုများကို ဖော်ထုတ်ဖမ်းဆီး၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့လို ကြောင်း၊ မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး မဲမသမာမှုများ မဖြစ်ပေါ်စေရေး အခြေခံမဲဆန္ဒရှင်စာရင်းမှားမှန်ကန်ဖို့လိုကာ သက်ဆိုင်ရာဌာနများက အလေးထားဆောင်ရွက်သွား စေလိုကြောင်း၊ လယ်ယာကဏ္ဍထုတ်ကုန်တိုးတက်ပါက ပြည်နယ်၏ GDP တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME ထုတ်ကုန်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍကို အားပေးမြှင့်တင်၍ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ မြဝတီခရိုင်၊ ဖာပွန်ခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ သံတောင်ကြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် စိုက်ပျိုးရေးမွေးမြူရေးနှင့်သားငါးကဏ္ဍ၊ MSME ထုတ်ကုန်ကဏ္ဍ၊ ဆန်၊ဆီ၊ပဲ၊အသား၊ငါး၊ဥအမျိုးမျိုး စားသုံးမှုနှင့်ဖူလုံမှုအခြေအနေ၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အပေါ် ကဏ္ဍကြီးများအလိုက်အကောင်အထည်ဖော်မှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင် ရွက်မည့်အခြေအနေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာအကြီးအကဲများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။