ဘားအံ - စက်တင်ဘာ (၁၆)

            ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် နိုင်ငံအသီးသီးတွင် ငလျင်ဘေးအန္တယ်ရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရပြီး ထိုသို့သောသယာဝဘေးအန္တရာယ်များကိုတုန့်ပြန် ရင်ဆိုင်ကြမည့် မီးသတ်တပ်ဖွဲ့ဝင်များ၏စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံ ရှာဖွေကယ်ဆယ်ရေးနှင့်စက်လှေမောင်းသင်တန်း(၁/၂၀၂၅)ဆင်းပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။

            အဆိုပါသင်တန်းကို သင်တန်းသား ၃၀ ဦးဖြင့် ရက်သတ္တပတ်(၂)ပတ်ကြာဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သင်တန်းဆင်းသင်တန်းသားများ အနေဖြင့် မိမိနေထိုင်ရာဒေသအတွင်း သဘာဝ ဘေးအန္တရာယ်များကျရောက်လာသည့်အခါ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်သွားကြရန်နှင့် သင်တန်း မှသင်ယူခဲ့သည့် ရှာဖွေကယ်ဆယ်ရေးအတတ်ပညာရပ်များကို ပြည်သူလူထုတစ်ရပ်လုံးအတွက် အကျိုးပြုဆောင်ရွက် နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုရရှိသော သင်တန်း သားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများနှင့် စက်တပ်လှေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ယင်းနောက် သင်တန်းဆင်းသင်တန်းသားများက ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသမှုအနေဖြင့် အသက်ကယ်ကြိုးချည်နည်းစနစ်များ၊ အထပ်မြင့်တိုက်များမှ ကြိုးဆင်း၊ ကြိုးတက်၊ လူနာသယ်ဆောင်နည်းများ၊ ကြိုးကူးနည်းစနစ်၊ ရှည့်ကူးနည်းစနစ်၊ ဇောက်ထိုးဆင်းနည်းစနစ်၊ အပြေးဆင်းနည်းစနစ်၊ ငလျင်ဘေးအန္တရာယ်ကျ ရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဇာတ်တိုက်သရုပ်ပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇာတ်တိုက်သရုပ်ပြခဲ့ ကြသည့် သင်တန်းဆင်းသင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ သည်။

            ဆက်လက်၍ “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့်တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး ”ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာကိစ္စရပ်များအပါအဝင် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များသည် ပြည်သူတစ်ဦးတစ်ယောက်ချင်းမှစ၍ အားလုံးတက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရည်မှန်းချက်ပန်းတိုင် သို့ ချောမွေ့အောင်မြင်စွာရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များ၏ ရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လေထုလွှာအတွင်း အိုဇုန်းလွှာပျက်စီးစေသည့်ဓါတ်ငွေများကင်းဝေးစေရန်နှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အအေးပေးနည်းပညာနှင့်ဆက်စပ်လုပ်ကိုင်နေကြသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့်လူငယ်မောင်မယ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ကျောင်းသူများ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီမှအဖွဲ့ဝင်များ၊ အအေးပေးပစ္စည်းဆိုင်ရာလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေးဗီဒီယိုတို့ကို အတူတကွ ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊  အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများ၊ နှစ်သိမ့်ဆုရရှိကြသူများနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများ အား  ဂုဏ်ပြုဆုများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

            အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေး ထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ခင်းကျင်းပြသထားသော ဆုရ ဆောင်းပါ၊ စာစီစာကုံး၊ ပန်းချီလက်ရာများနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။