ဘားအံ - အောက်တိုဘာ (၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာလ ၇ ရက်နေ့ ညနေပိုင်းက ဘားအံမြို့၊ တောင်ကလေး ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇသီရိပျံချီ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကလေးပရိယတ္တိ၊ ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြ၍ ဆရာတော် ဘုရားကြီးမှ ဆုံးမဩဝါဒကထာနှင့်ဆုမွန်ကောင်းများပြန်လည်ချီးမြှင့်မြွတ်ကြားခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲနှိုးဆော်အသိပညာပေး ဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့ အဝင် ရတနာဆင်ဖြူတော်လေးစီးပါဝင်သော ဖားစည်အဝိုင်း၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းကျင်းပ မည့် ၂၀၂၅-ခုနှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်လက်ခံခြင်း၊ ဥပဒေနှင့်ညီညွတ်ခြင်းနှင့် လူထုကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်းစသည့် ရွေးကောက်ပွဲစံနှုန်းများနှင့်အညီ ကျင်းပနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက် ကြမည့်အဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်နေသောအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် ခံယူပြီးကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစောစံယဉ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ ဆောင်ပုဒ်ပါ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော လူမှုရေးအသင်းအဖွဲ့များ၊ တာဝန် ရှိသူများနှင့်အတူ မြေစိုက်ပိုစတာ(Billboard)အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေစိုက်ပိုစတာ(Billboard)စိုက်ထူပွဲတွင် ပါဝင်အား ဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။















