ဘားအံ - ဧပြီ (၃၀)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက်နေထိုင်ပြီး တိုက်ပွဲဖော်ဆောင် ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်းပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ကွင်းဆင်းကြည့်ရှုဆောင်ရွက် ပေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်(တံတားကျိုး)စုပေါင်းစစ်ဆေးရေးစခန်း၌ ယာယီ ပြောင်းရွှေ့နေထိုင်သည့်နေရာများမှ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေါနခန်းမ၌ နေရပ်ပြန်ပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ် ဝန်ကြီးချုပ်က ကော့ကရိတ်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးဖြစ်သည့်အတွက် ၅ လကြာယာယီပြောင်းရွေ့နေထိုင်ကြ သည့်ဒေသခံပြည်သူများ မိမိနေရပ်သို့ပြန်လည်နေထိုင်နိုင်ပြီဖြစ်ကြောင်း၊ ယာယီပြောင်းရွှေ့နေထိုင်ကြရသည့်ကာလ တွင်လည်း စားသောက်နေထိုင်ရေးအဆင်ပြေစေရန် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းများကိုလိုက်လံကောက်ယူလျက်ရှိပြီး ဆုံးရှုံးမှုအနည်းအများအလိုက် ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်နယ်အဆင့်ပြန်လည်ထူထောင်ရေးကော်မတီကိုဖွဲ့စည်း ပေးထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကော့ကရိတ်မြို့အတွင်း ပျက်စီးဆုံးရှုံးမှုအခြေ အနေများကို ရှင်းလင်းတင်ပြပြီး ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက ကော့ကရိတ်မြို့အတွင်း အိမ်ထောင်စုများ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြသည့်အခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၉၀၀၀၆၀ဝိ/-၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးတို့ကို ထောက်ပံ့ပေးအပ်ရာ အိမ်ထောင်စုများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ကော့ကရိတ်မြို့တွင်း ပြန်လည်နေထိုင်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တသီရိ ဓမ္မအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသတွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များကို လျှောက်ထားတင်ပြကာ ဆန်၊ဆီအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့အတွင်းဝင်ရောက်နေထိုင်ပြီးတိုက်ပွဲဖော်ဆောင် မှုကြောင့် ထိခိုက်ပျက်စီးသွားသော ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၊ မီးလောင်ပျက်စီးဆုံးရှုံးသွားသော လူနေအိမ် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများ၊ ဘာသာရေးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန် လည်နေထိုင်ကြသည့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အပျက်အစီးများအား လိုက်လံရှင်းလင်းပေး နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံအားပေး ကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဘူးတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့်ကျန်းမာရေးတိုး တက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးကာ အာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ် ကြပြီး အဆိုပါတိုက်နယ်ဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအား စားသောက်ကုန်ပစ္စည်းများနှင့်အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း ပေါ်ရှိ ကော့ပေါ်အင်းတံတားချဉ်းကပ်လမ်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းနေမှုအခြေအနေ၊ အရှည် ၅၀ ပေ အကျယ် ၃၀ ပေရှိ တံတားအမှတ် ၆/၄၄ သံကူကွန်ကရစ်တံတားတည်ဆောက်ရေးလုပ်ငန်း ၉၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အရှည်ပေ ၉၀၊ အကျယ် ၃၀ပေရှိ တံတားအမှတ် ၃/၄၇ သံကူကွန်ကရစ်တံတား အမျိုးအစား ၇၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ အရှည် ၈၀ ပေ အကျယ် ၃၀ ပေရှိ တံတား အမှတ် ၁/၅၄ တည်ဆောက်ရေးလုပ်ငန်းနှင့် အဆိုပါလမ်း ၈၆ ဒဿမ ၅ ကီလိုမီတာမှ ၈၇ ကီလိုမီတာ လမ်းပိုင်းကို ၁၈ ပေ အကျယ်ကတ္တရာလမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေး မှူးဦးအောင်ညို၊ တံတားအထူးအဖွဲ့ ၁၄ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင် ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။