ဘားအံ - စက်တင်ဘာ (၂၁)

             ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၅/၂၀၂၅)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မော်တော်ယာဉ်သုံးစွဲမှုများပြားလာပြီး စက်မှုပိုင်းဆိုင်ရာတည်ဆောက်မှုများ တိုးတက်ထွန်းကားလာကာ ကမ္ဘာတစ်ဝှမ်းယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသေဆုံးမှုများမြင့်တက်လျက် ရှိရာ အကျိုးဆက်အနေဖြင့် မိမိတို့နိုင်ငံ၊ ပြည်နယ်လည်းပါဝင်လာကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာတွင်  တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုတည်းက ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းအသီးသီးနှင့် ဒေသနေပြည်သူများအားလုံး ပူးပေါင်းပါဝင်လာစေရန် အလေးအနက်ထားကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်(၄/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC)မှချမှတ်ထားသည့် (Quick Win)လုပ်ငန်းအစီအမံ(၅) ရပ်၊Global Plan နှင့် 4Ps(People, Policy,Practice,Participation၊)၊ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကောင်စီ၏ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဩဂုတ်လထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးက ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့်ယာဉ်မတော်တဆ မှုများ(ကာလတူနှိုင်းယှဉ်ချက်)၊ ဖြစ်ပွားရသည့်အကြောင်းအရင်း(၄)မျိုး နှိုင်းယှဉ်ချက်၊ စည်းကမ်းပျက်ယာဉ် စစ်ဆေး အရေးယူဖမ်းဆီးမှုများ၊ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ရှင်းလင်းတင်ပြကြကာ ကောင်စီအဖွဲ့ဝင်ဝန်ကြီးများက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

            ယင်းနောက် စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသန ပြုရေးနှင့်ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကော်မတီများအလိုက် ဆွေးနွေး တင်ပြကြပြီး ခရိုင်အဆင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာခရိုင်များအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

            ထို့နောက် ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာခင်မာလာထွန်းက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အ‌ထောက်အကူပြု Software အား အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရဲမှူးဟန်မွှေးထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ပျူတာ Software ရေးဆွဲပေးသော နောက်ဆုံးနှစ်ကျောင်းသားမောင်အောင်ကောင်းခန့် နှင့်ကြီးကြပ်ဆရာမနှစ်ဦးတို့အား ဂုဏ်ပြုဆုငွေများပေးအပ်ပြီး  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။