ဘားအံ -ဩဂုတ် (၁၆)
ကရင်ပြည်နယ်အတွင်း နှစ်စဉ်မိုးစပါးဧက(၄)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်ရေကြီးရေလျှံ မှုဖြစ်စဉ်ကြောင့် စိုက်ပျိုးပြီးမိုးစပါး(၁၉၁၅၃၁)ဧကအနက် (၂၉၃၄၉)ဧက ရေလွှမ်းခဲ့ရာ ယနေ့ထိ ၁၈၆၆၅ ဧက ထိခိုက် ၍ ၈၁၉၀ ဧကပျက်စီးခဲ့သည့်အတွက် မိုးစပါးစိုက်တောင်သူများအား မျိုးစပါး၊ မြေဩဇာများနှင့်မျိုးစေ့ချကိရိယာများ ချီးမြှင့် ပေးအပ်သည့်အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပ သည်။
ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူများအနေဖြင့် ထိခိုက်ပျက်စီးဧက များ ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေးနှင့်အထွက်နှုန်းတိုးမြှင့်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ပေးကြစေလိုပြီး ပေးအပ်လိုက်သည့် ပစ္စည်းများကို မိမိတို့၏ ထိခိုက်/ပျက်စီးလယ်မြေများတွင် အမှန်တကယ်ပြန်လည်အသုံးချထည့် သွင်းဖို့လိုကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့်အခွင့်အရေးကာကွယ် ရေးလုပ်ငန်းများကိုအစဉ်တစိုက်ဆောင်ရွက်ပေးသကဲ့သို့ တောင်သူများအနေဖြင့်လည်း သီးနှံအထွက်တိုးရေး၊ စားရေ ရိက္ခာဖူလုံပိုလျှံရေးနှင့်လယ်ယာကဏ္ဍတိုးတက်မြင့်မားရေးအတွက် အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွား သည့် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့မှ တောင်သူပေါင်း ၁၅၀ ဦးအား မျိုးစပါးတင်း(၄၀၀၀)၊ ယူရီးယားဓါတ်မြေ ဩဇာ အိတ်(၄၀၀)၊ ပိုတက်ရှ်ဓါတ်မြေဩဇာ(၂၅၀)အိတ်၊ သဘာဝမြေဩဇာ(၂၀၀)အိတ်နှင့် (၈)တန်းသွားနှင့်(၆)တန်း သွားမျိုးစေ့ချကိရိယာ (၁၀၀)ခုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြရာ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ယနေ့ပေးအပ်ချီးမြှင့်သည့်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးကာ တောင်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ပေးအပ်ချီးမြှင့်သည့်အခမ်းအနားမစတင်မီနှင့်အခမ်းအနားအပြီးတို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီး/ထိခိုက်သော လယ်ယာမြေများ ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာသင့်သောအချက်များ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး၊ မြေယာအသုံးချရေး၊ မျိုးစေ့များအကြောင်းနှင့် ဆီထွက်သီးနှံအထွက်တိုးရေး ပျားများ၏အသုံးဝင်ပုံနှင့် ပျားအုံများ တိုးချဲ့မွေးမြူနိုင်ရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။
အလားတူ ဘားအံမြို့သည် ကရင်ပြည်နယ်၏မြို့တော်ဖြစ်သည်နှင့်အညီ မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု ကင်းရှင်းစေရေးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘားအံမြို့ရှောင်လမ်းသစ် (လှာကဒေါင်-ထူးမြတ်ဂုဏ်ရွာအဝိုင်း-စက်မှုဇုန်အပိုင်း) ၁၅ ကီလိုမီတာကို ဖောက်လုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ်ဖောက်လုပ်နိုင်ရေး လမ်းအူကြောင်းအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင်ဆောင်က လျာထားလမ်းအူ ကြောင်း၊ နဂိုမူလလမ်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရမည့်အပိုင်း၊ Box Culvert များထည့်သွင်းတည်ဆောက် ရမည့်အပိုင်းနှင့် မြေယာရှင်းလင်းရမည့်အပိုင်းတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ လမ်းအူကြောင်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးရာ အဆိုပါလမ်းအူကြောင်းဝဲယာရှိ အကျဉ်းဦးစီးဌာန လက္ခဏစိုက်ပျိုးမွေေးမြူရေးစခန်းမှ စိုက်ပျိုးထားရှိသော မိုးစပါး(၁၈၀)ဧက စိုက်ခင်းအား ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အဆိုပါလမ်းအူကြောင်းတွင်ပါဝင်သော မဲဘောင်-နောင်ပလိန်- ဝင်းစိန်လမ်း ၅ ကီလိုမီတာမှ ၆ ကီလိုမီတာအတွင်း သံကူကွန်ကရစ်တံတား ၆၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ရှောင်လမ်းသစ် (လှာကဒေါင်-ထူးမြတ် ဂုဏ်ရွာအဝိုင်း-စက်မှုဇုန်အပိုင်း)အား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လို အပ်သည်များမှာကြားခဲ့ပါသည်။















