ဘားအံ - မေ (၂၈)
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် တိုးပွားလာသော ကျောင်း သားဦးရေနှင့်အညီ သင်ကြားရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ(၄၆၀ ဒဿမ ၆၅၅)သန်းဖြင့် Phyoe Htet And Associates ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော (၁၄၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့ ၌ ကျင်းပသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အတွင်း ကျေင်းဆောင်တည်ဆောက်ရေးလုပ်ငန်းပေါင်း ၃၁ ခုကို ခွင့်ပြုဆောင်ရွက်ခဲ့ရာ ယနေ့ဖွင့်လှစ်သည့်ကျောင်းဆောင်လည်းပါဝင်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ ဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ကမ္ဗည်းကြေးပြားအား အမွှေး နံ့သာရည်များပက်ဖျန်း၍ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဆောင်သစ်အတွင်း ပရိဘောဂနှင့်သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအား ကြီးကြပ် ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းကော်မတီများ၊ အကျိုးတော်ဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးများပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင်တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့် ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီက ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းအကျိုးတော်ဆောင် များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။