ဘားအံ - နိုဝင်ဘာ (၂၉)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့အင်္ဂါရပ်များနှင့်အညီ Green City , Clean City ဖြစ်စေရေးအတွက် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်း၍ ဘားအံတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏လမ်းညွှန်ချက်အရ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၁၀၃၅ ဦးခန့်သည် ဘားအံတက္ကသိုလ် ပရဝုဏ်အတွင်းအပြင်ရှိ စွန့်ပစ်ပလက် စတစ်နှင့်အမှိုက်သရိုက်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ အဆောက်အဦနှင့် ကပ်လျက်ရှိသော သစ်ပင်ကြီးများ၏အကိုင်းအခက်များအား ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်ခြင်းတို့ကို ယာဉ်ယန္တရားများအသုံးပြု၍ စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော ဘားအံမြို့၊ ကြာအင်းရပ်၊ ပဒုမ္မာလမ်းဘေးဝဲယာ ၃ပေအနက် ၄ပေအကျယ်ရေမြောင်းနှင့် ပလက်ဖောင်း အရှည် ၂၄၄၇ ပေ လုပ်ငန်းဆောင်ရွက်မှု၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းဘေးဝဲယာ ၃ပေအနက် ၄ပေအကျယ် ရေမြောင်းနှင့် ပလက်ဖောင်း အရှည် ၄၃၅၀ ပေလုပ်ငန်းဆောင်ရွက်မှု၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ လုပ်သား လမ်း ၃ပေအနက် ၄ပေအကျယ်ရေမြောင်းနှင့် ပလက်ဖောင်းအရှည် ၁၇၈၅ ပေလုပ်ငန်းဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က ပဒုမ္မာလမ်းပြီးစီးမှု ၉၀ ရာခိုင် နှုန်း၊ သီရိလမ်းပြီးစီးမှု ၇၀ ရာခိုင်နှုန်း၊ လုပ်သားလမ်းပြီးစီးမှု ၆၀ ရာခိုင်နှုန်းနှင့် ဒီဇင်ဘာလ ပထမ အပတ်အတွင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးရန်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ် စံချိန် စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။
ဆက်လက်၍ ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ကော့ဝုန်းကျေးရွာ ကွင်းအမှတ်-၁၁၆၈နှင့်၁၁၆၉၊ ဖျားလုံကွင်း နှင့်ကော့ခမိတ်ကွင်းတို့တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးပွဲကိုကျင်းပရာ စိုက်ပျိုး ရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲက တက်ရောက်လာသော အိန္ဒဲ၊ အိန္ဒု၊ ကော့သင်းရှူး၊ နောင်လုံအရှေ့၊ နောင်လုံ အနောက်၊ လက္ခဏကျေးရွာအုပ်စုများမှ တောင်သူများအား အီးအမ်ဘိုကာရှီသဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ အမှန်တကယ်ပြန်လည်ပြုလုပ်သုံးစွဲ ကြမည့်တောင်သူများအား အီးအမ်အရည်များအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ဆောင်းနေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးထွန်းမြင့်က နေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ မျိုးစေ့ချကိရိယာများဖြင့် နေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကိုကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကိုယ်တိုင် ပါဝင်သရုပ်ပြသခဲ့ကြပြီး ကွင်းသရုပ်ပြခြင်းနှင့်တောင်သူများအစေ့ချစိုက်ပျိုးခြင်းတို့ကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။















