ဘားအံ - စက်တင်ဘာ (၂၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏မတည်ငွေကျပ်သိန်း(၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆၈၄၀၀ဝိ/-) တစ်ရာလေးဆယ်ခြောက်သိန်းရှစ်သောင်းလေးထောင်ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည့် ဘားအံမြို့နယ်၊ နောင် ကုန်း(ဝဲကရင်)ကျေးရွာအုပ်စု၊အလင်းရောင်စာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက် အဆောက်အဦရှေ့၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် စာကြည့်တိုက်ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား၊ကျောင်းသူများအားရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ဝဲကရင်ကျောင်းတိုက် အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တစန္ဒာဝရ၊  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက အလင်းရောင် စာကြည့်တိုက် အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည် များပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ရသ စာအုပ်စာစောင်များအား ပညာရပ်အလိုက်ခင်းကျင်းထားရှိ မှု၊ ဒေသခံများလာရောက်စာပေလေ့လာဖတ်ရှုနေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် စာကြည့်တိုက်(၃)တိုက်၊ လှိုင်းဘွဲမြို့ နယ်တွင်(၂)တိုက် စုစုပေါင်း(၅)တိုက် ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်သည့်စာကြည့်တိုက်သည် ၂၀၂၅ ခုနှစ်အတွင်းတည်ဆောက်ပြီးစီးသည့်ပထမဆုံးစာကြည့်တိုက်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေး လျက်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များ အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်သည့်အလေ့အထများ စွဲမြဲလာအောင်  မိမိတို့ဘဝအောင်မြင်တိုးတက်အောင်၊ အမှားအမှန်ခွဲခြားနိုင်အောင်၊ အသိပညာဗဟုသုတများ တိုးပွားအောင် စာကြည့်တိုက်သို့သွားရောက်ပြီး စာပေလေ့လာဖတ်ရှုကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် အဆိုပါစာကြည့်တိုက်အတွက် စေတနာရှင်အလှူရှင်များက ငွေပဒေသာပင်များပေးအပ်လှူဒါန်း ကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က စာအုပ်စာစောင်ပေါင်း ၂၅၀ အုပ်ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

            ယင်းနောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက် စာတမ်းများ၊ စာအုပ်စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်မှူးထံလွှဲပြောင်းပေးအပ်ပြီး စာကြည့်တိုက်ကော် မတီဝင် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်ဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု ပေးနေသော ဝဲကရင်ကျေးလက်ကျန်းမာရေးဌာနခွဲ        တွင် အဆောက်အဦ၊ ဝန်ထမ်း၊ ဆေးပစ္စည်းကိရိယာများ၊ ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အဆိုပါကျန်းမာရေးဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝဲကရင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် တည်ဆောက်ပြီးစီးသော သိပ္ပံဆောင်နှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ နှစ်လုံးတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ အဆိုပါကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ခန်း စာသင်ဆောင်များ သင်ထောက်ကူပစ္စည်းများ ပရိဘောဂများပြည့်စုံ လုံလောက်မှုရှိစေရေးကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ အထွေ ထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ခဲ့သည်။

            အလားတူ ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက်များပြား လာသည့်အမျှ  သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေလွယ်ကူချောမွေ့စေရန် ဘားအံမြို့တော်ခရီးသည်တင် (သုံးဘီယာဉ်)အသင်းကို ဖွဲ့စည်းပေးထားရာ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးနှင့်တာဝန်ရှိသူများသည် ခရီးသည်တင်ယာဉ်မောင်းအင်္ကျီနှင့် Three Wheel Taxi စာတမ်းပါ စတေကာများကို အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရွှေမြို့တော်အထည်ဆိုင် ရှေ့ရှိ အမှတ်(၂)ဂိတ်၊ လှာကဒေါင်ကျေးရွာ၊ ပညာရေးဒီဂရီကောလိပ်ရှေ့ရှိ အမှတ်(၁)ဂိတ်၊ အမှတ်(၅)ရပ်ကွက်၊ အထက(၃)ကျောင်းရှေ့ရှိ အမှတ်(၁)ဂိတ်၊ အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်ရန်ကင်းတောင်ပေါ်လမ်းထောင့်ရှိ အမှတ်(၁)ဂိတ်၊ အမှတ်(၅)ရပ်ကွက်၊ စက်မှုလယ်ယာရုံးရှေ့ရှိ အမှတ်(၃)ဂိတ်၊ အမှတ်(၁)ရပ်ကွက် ပြည်သူ့ဆေးရုံကြီး ရှေ့ရှိ အမှတ်(၁)ဂိတ်၊ အမှတ်(၄)ရပ်ကွက်၊ ဟင်္သာကုန်းဝန်ထမ်းအိမ်ရာရှေ့ရှိ အမှတ်(၁)ဂိတ်တို့တွင် ခရီးသည်တင် သုံးဘီးယာဉ်မောင်းများအား ယာဉ်မောင်းအင်္ကျီနှင့် စတေကာများကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြပြီး လိုအပ်သည် များမှာကြားခဲ့ပါသည်။