ဘားအံ - ဇူလိုင် (၁၄)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်ဘောလုံးအားကစားဝါသနာရှင်များသည် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်းတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)ဘားအံဇုန် တတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံးအသင်းနှင့်တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

            အဆိုပါဘောလုံးပြိုင်ပွဲကို ဘောလုံးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ် သည့် ရွက်ပုန်းသီးဘောလုံးအားကစားသမားကောင်းများပေါ်ထွန်းလာစေရေးရည်ရွယ်ပြီး အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇုန်(၄)ဇုန်ခွဲ၍  အုပ်စုပွဲစဉ်များယှဉ်ပြိုင်ကစားလျက်ရှိရာ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း တွင် ကျင်းပသည့် အုပ်စု(ဂ)တတိယပွဲစဉ်တွင် ကရင်ပြည်နယ်ဘောလုံးအသင်းက တနင်္သာရီတိုင်းဒေသကြီးဘောလုံး အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

            အုပ်စု(ဂ)ဘားအံဇုန်တွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက်ဘောလုံးအသင်းများပါဝင်ပြီး အုပ်စုပွဲစဉ် တတိယပွဲကစားအပြီးတွင် ကရင်ပြည်နယ်အသင်း က နှစ်ပွဲနိုင် ခြောက်မှတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တစ်ပွဲသရေ ရမှတ်တစ်မှတ်၊ တနင်္သာရီတိုင်းဒေသကြီး အသင်းအသင်းက တစ်ပွဲသရေတစ်ပွဲရှုံးဖြင့် တစ်မှတ်၊ မွန်ပြည်နယ်အသင်းက တစ်ပွဲရှုံးဖြင့် ရမှတ်မရရှိသေးဘဲ အုပ်စုပွဲ စဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကာ အဆိုပါပြိုင်ပွဲကျင်းပနေမှုအား မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု နိုင်ပြီး ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ရှုံးထွက်ပွဲစဉ်များနှင့်ဗိုလ်လုပွဲစဉ်များကို ရန်ကုန်မြို့ အားကစား ကွင်းများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။