ဘားအံ - ဇူလိုင် (၂၅)
ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်းပြီး အကြိမ်းဖက်ဖြစ်စဉ် များကြောင့် လှိုင်းဘွဲမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ နီးစပ်ရာဆွေမျိုးသားချင်းနေအိမ်များနှင့် ဘာသာ ရေးအဆောက်အဦများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမ၌ ဆန်၊ ဆီ၊ ရိက္ခာ များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့၊ (က)ရပ်ကွက်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် လှိုင်းဘွဲ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော မြေထိန်းနံရံပြုလုပ်ခြင်း လမ်းဘေးဝဲယာနှစ်ဖက် (၄၈၅ပေx၂ပေ x၆ပေ) ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု၊ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာသည့်အတွက် လှိုင်းဘွဲမြို့၊ (ခ)ရပ်ကွက် သီတာအေးလမ်းနှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတို့တွင် ရေများဝင်ရောက်နေမှုအခြေ အနေ၊ (ဃ)ရပ်ကွက်ဗိုလ်ချုပ်လမ်းနှင့်(ဂ)ရပ်ကွက်ပေါ်ဆန်းမွှေးလမ်း၊ ခေမာလမ်းရေမြောင်းပလက်ဖောင်းပြုလုပ်ခြင်း (၁၅၈၈ပေ x ၂ပေ x ၃ပေ) ၅၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုနှင့် လှိုင်းဘွဲမြို့မဈေးကြီး အတွင်းဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများ၏ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြပြီး ပြည် နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် လှိုင်းဘွဲမြို့၊ အောင်ဆန်းခန်းမတွင် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည် သူများအတွက် ဆန်၊ ဆီ၊ ရိက္ခာများချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများ၏ ကျန်းမာ ရေး၊ ပညာသင်ကြားရေး၊ အေးချမ်းစွာနေထိုင်စားသောက်နိုင်ရေးအတွက် အမြဲသတိပြုကြည့်ရှုစောင့်ရှောက်ပေးလျက် ရှိပြီး ပြည်သူများအနေဖြင့်လည်း ယာယီနေထိုင်စဉ်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ရင်းနှီးချစ်ခင်စွာနေထိုင် ကြရန်၊ သန့်ရှင်းသည့်သောက်သုံးရေအသုံးပြုကြရန်၊ ကျန်းမာရေးဂရုစိုက်ကြရန်၊ တာဝန်ရှိသူများ၏ပြောဆိုဆုံးမခြင်း ကိုနာထောင်ကြရန်နှင့် အခက်အခဲရှိပါက အထက်ဌာနများ၊ နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့များသို့ သတင်းပို့တင်ပြပေး ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ်အတွင်း ယာယီပြောင်းရွှေ့နေထိုင် ကြသည့် အိမ်ထောင်စုများအနက် အိမ်ထောင်စု(၁၅၀)စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၁)လီတာနှုန်း ဖြင့် စုစုပေါင်း ဆန် ၂၄ ပြည်အိတ်(၅၀)အိတ်၊ ဆီ ၁၅၀ လီတာကို ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။















