ဘားအံ - နိုဝင်ဘာ (၂၄)

            မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)အနေဖြင့် ဘဏ်လုပ်ငန်းဆောင်တာများကို စနစ်တကျဆောင်ရွက်လျက် ရှိပြီး လစဉ် ၂၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာငွေများထုတ်ပေးလျှက်ရှိရာ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

            ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်(ဘားအံဘဏ်ခွဲ)တွင် ပင်စင်လစာငွေလာရောက်ထုတ် ယူနေကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး စနစ်တကျပင်စင်လစာငွေထုတ် ယူနေမှုအခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အား လွင်မောင်မောင်ကုမ္ပဏီမှ စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့်ရောင်းချပေးနေမှုအခြေအနေ၊ ဆောင်ဆန်း ငွေလာကုမ္ပဏီလီမိတက်မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဧရာဝတီပေါ်ဆန်း၊ ရက်(၉၀)သုခ၊ ပခမ်းအစရှိသည့်ဆန်များ အား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ ပင်စင်လစာလာရောက် ထုတ်ယူသူများအသုံးပြုနိုင်ရန် ၂ ခန်းတွဲသန့်စင်ခန်းတစ်လုံးဆောက်လုပ်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်း အမှန်တကယ်အသုံးချရန်လိုအပ်နေသည့် နည်းပညာနှင့်သက်မွေးပညာသင်တန်းများကို သင်ယူနိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဘားအံမြို့၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ယာစီမံကိန်းဧရိယာအတွင်း ဖွင့်လှစ်ခဲ့သော အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ကျောင်းအုပ်ဆရာမကြီးက A.G.T.I(၃)နှစ်ဒီပလိုမာသင်တန်းများသို့ ကျောင်းသား ဦးရေဝင်ရောက်မှု၊ ဆရာ၊ဆရာမဦးရေအင်အားတိုးပွားလာမှု၊ စာသင်ဆောင်၊ သင်ထောက်ကူ၊ ပရိဘောဂပြည့်စုံလုံလောက် မှု၊ ဝန်ထမ်းအိမ်ရာလုံလောက်မှု၊ ရေ၊ မီး ပြည့်စုံလုံလောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်သည်များမှာကြားခဲ့သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှု၊လက်မှုသိပ္ပံ(ဘားအံ)ပရိဝုဏ်အတွင်း ကျောင်းဘောလုံးကွင်း ဖောက်လုပ်ပေးနေမှုအခြေအနေ၊ နန်းငုဝါ အမျိုးသမီးအိပ်ဆောင်အတွင်း သင်တန်းသူများထားရှိ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေ၊  သုံးထပ်သင်တန်းသားအိပ်ဆောင်အတွင်း သင်တန်းသားများထားရှိနိုင်ရေး နှင့် အဆိုပါအဆောက်အဦများအတွင်း ရေ၊ မီး၊ မိလ္လာပြည့်စုံလုံလောက်မှုရှိစေရေး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိ သူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။