ဘားအံ - စက်တင်ဘာ (၁၉)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇအား ဇွဲကပင်တောင်ခြေ၊ လုမ္ဗိနီဥယျာဉ်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

            ထိုသို့ဖူးမြော်ကြည်ညိုရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆရာတော်ဘုရားကြီးအား သာသနာရေးဆိုင်ရာများ နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြရာ ဆရာတော်ဘုရားကြီးက ဆုံးမဩဝါဒကထာနှင့် ဆုမွန်ကောင်းများပြန်လည် ပေးအပ်ချီးမြှင့်ခဲ့သည်။

            အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာအဆင့် အသက်(၁၈)နှစ် အောက် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော်ကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ နေ့ထိ ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊အားကစားရုံ အသီးသီးတွင် ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ပိုင်းက အားကစားပြိုင်ပွဲများကျင်းပနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာတွင် ကျင်းပလျက်ရှိသော ကျောင်းသားအားကစားပွဲတော် အမျိုးသား၊အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစား နေမှု၊ အောင်သံလွင်အားကစားကွင်းတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းနှင့် မြဝတီ မြို့နယ်အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှု၊ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း ပြည်နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပလျက်ရှိသော အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖာပွန်မြို့နယ်အသင်းနှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှု၊ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ ပြည်နယ်မိုးလုံ လေလုံအားကစားခန်း၌ ကျင်းပလျက်ရှိသော အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဘားအံမြို့နယ်အသင်းနှင့် မြဝတီ မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ပါသည်။