ဘားအံ - ဧပြီ (၂၇)
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့ကို မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အခါအားလျော်စွာဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကိုဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဓမ္မဝါသီကျောင်းတိုက်၌ ပြည်နယ်စည်ပင်သာယာရေအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ရွှေရတနာကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအား မေတ္တာရတနာကျောင်းဆောင်၌ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထား တင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ ကြကာ အဆိုပါဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုန္ဒရာရာမကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြကာ အဆိုပါဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း နှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများစုစုပေါင်းအင်အား ၁၅၀၀ ကျော်ဖြင့် သစ်ပင်၊ သစ်ကိုင်းများရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန်ပစ်ပလက်စတစ်နှင့် အမှိုက်များအား ဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတို့ကို ယာဉ်၊ ယန္တရားများအသုံးပြု၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမှ စာသင်သားများ နှင့် မျက်စိဝေဒနာရှင်လူနာများအား မျက်စိကျန်းမာရေးကွင်းဆင်းစောင့်ရှောက်မှုပေးခြင်းကို ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ လုမ္ဗနီဥယျာဉ်ဘုန်းတော်ကြီးကျောင်း ဘောဇနသာလ ဆွမ်းစားကျောင်းရှေ့၌ ဆောင်ရွက်ပေးရာ စာသင်သားနှင့်မျက်စိဝေဒနာရှင် ၆၈ ဦးအား လိုအပ်သည့်စမ်းသပ် စစ်ဆေးမှုများဆောင်ရွက်ပေးပြီး မျက်မှန်များ အခမဲ့တပ်ဆင်ပေးခဲ့သည်။
ဦးစွာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်စွာမြင့်၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်၊ မျက်စိအထူးကု ဆရာဝန်ကြီးနှင့်အဖွဲ့တို့က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမှ စာသင်သားများနှင့်မျက်စိဝေဒနာရှင်များအား လိုအပ်သည့် မျက်စိစမ်းသပ်စစ်ဆေးမှုများဆောင်ရွက်ပေးရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး မျက်စိစမ်းသပ်စစ်ဆေးမှုခံယူပြီးသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ၎င်းတို့နှင့်ကိုက်ညီသည့် မျက်မှန်များကို အခမဲ့ တပ်ဆင်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျက်မှန်များတပ်ဆင်ပြီးသည့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းမှစာသင်သားများနှင့်မျက်စိဝေဒနာရှင်များအား ဆီနှင့်ကြက်ဥများထောက်ပံ့ပေးအပ်ခဲ့ပြီး မျက်စိစမ်းသပ် ကွင်းဆင်းဆောင်ရွက်ပေးသော ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)မှ မျက်စိအထူးကုဆရာဝန်ကြီးနှင့်အဖွဲ့အား အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များမှ စစ်ဆင်ရေး တာဝန်များထမ်းဆောင်နေကြသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် အသင့်စား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်တာဝန် ထမ်းဆောင်နေကြသော တပ်မတော်သား များအားစဉ်ဆက်မပြတ်ပေးပို့လှူဒါန်းနိုင်ရေးထပ်မံထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အရေးကြီး တာဝန်များ ထမ်းဆောင်နေကြသည့်တပ်မတော်သားများကို လှူဒါန်းခြင်းသည် အလွန်တရာမှမွန်မြတ်လှပါကြောင်း၊ ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်နေကြသူများ အားလုံး အန္တရာယ် ကင်းဘေးရှင်း၍ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရရှိနိုင်ကြပါစေကြောင်းနှင့် လှူဒါန်းပေးသည့် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များအား အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များမှ လှူဒါန်းသော ငွေကျပ် သိန်း(၂၀၀)ကျော်တန်ဖိုးရှိ အမဲနှပ်၊ ကြက်သားဗမာချက်၊ ငံပြာရည်ချက်၊ ငါးသေတ္တာ၊ ငါးပိထောင်း အစရှိသော အသင့်စား စားသောက်ဖွယ်ရာများကိုအရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လှူဒါန်းပေးကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက တိုင်းပြည်တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။