ဘားအံ - မေ (၂၃)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မဲစာရင်းပြုစုရာတွင် တိကျမှန်ကန်စေရေး အခြေခံရမည့်လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် ပြန်လည်စိစစ်ရမည့်လုပ်ငန်းစဉ်များအောင်မြင်စေရေး သက်ဆိုင်ရာတာဝန်ရှိသူများက လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်ပေးရန်ဖြစ်ပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက်ကရင်ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတွဲဘက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅) ဆုံးဖြတ် ချက်(၉)ချက်အပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အသက်(၁၈)နှစ်အထက်လူဦးရေစာရင်း(မူကြမ်း)စိစစ်ရေးဆိုင်ရာ နှင့် ပန်းခင်းစီမံချက်အဆင့်(၃)ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိက လူဦးရေစာရင်း(စတုတ္ထမူကြမ်း)မြေပြင်ကွင်းဆင်းစိစစ်မှု၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းနှင့်ပတ်သက်၍တွေ့ရှိချက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင် ပြကြသည်။

            ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်၏လူဦးရေ စာရင်း(စတုတ္ထမူကြမ်း)အား မြေပြင်တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အိမ်အမှတ်၊ လမ်းအမည်၊ အိမ်ထောင်စုအမှတ် သတ်မှတ်ပြီးစီးမှုအခြေအနေ၊ အသက်(၁၈)နှစ်နှင့် အထက်လူဦးရေစာရင်း၊ ပန်းခင်း စီမံချက်အဆင့်(၃)ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။