ဘားအံ - ဩဂုတ် (၂၁)

            မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုပိုမိုများပြားလာသည်နှင့်အညီ ဒေသတွင်း ခရီးစဉ်ဒေသများနှင့် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ(၈/၂၀၂၅)အစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ် အတွင်းရှိ ခရီးစဉ်ဒေသတိုင်းတွင် လုံလောက်သည့်အကျယ်အဝန်းရှိသော ယာဉ်နားရန်နေရာ(ကားပါကင်)များ စနစ် တကျရှိစေရေး၊ ခရီးစဉ်ဒေသသစ်များဖော်ထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး ကော်မတီဒုတိယ ဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်(၉)ရပ်၊ စိုက်ပျိုးရေးကိုအခြေခံသည့် ခရီးစဉ်ဒေသများ ဖော်ဆောင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ဒေသကော်မတီများမှ လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့် ယခုအစည်းအဝေး တွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များနှင့်ဌာနဆိုင်ရာများက  ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြ သည်။

            ယင်းနောက် ဘားအံခရိုင်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်၊ ဖောင်တော်ဦး၊ ပဒုမ္မာဂူ၊ ဘုရင့်ညီနောင်ဂူ၊ လင်းနို့ဂူ၊ နောင်ခလိုင်၊ ဣစ္ဆာသယဂူခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက ခရီးစဉ်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများကဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံး ချုပ်အမှာစကားပြောကြားခဲ့သည်။

            အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက ကွန်ပျူတာတက္ကသိုလ်(ဘားအံ) စားသောက်ခန်းမ၌ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများနှင့်အတူ အထူး နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ ကြသည်။

            ထိုသို့ သုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ကျောင်းသား၊ကျောင်းသူ များအနေဖြင့် အေးချမ်းပျော်ရွှင်စွာပညာသင်ကြား၍ နောင်တစ်ချိန် တိုင်းပြည်တာဝန်များကိုပခုံးပြောင်းထမ်းဆောင် နိုင်ရန် အတတ်ပညာရှင်၊အသိပညာရှင်များဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ တိုင်းပြည်ကလိုအပ်၍ တာဝန်ပေး အပ်ပါက ထမ်းဆောင်နိုင်ရန်အသင့်ရှိနေသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အားပေးစကားများပြောကြား ပြီး အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၄၆၉၀၀ဝိ/-(တစ်ဆယ့်လေးသိန်းခြောက်သောင်းကိုးထောင်)ကို ပါမောက္ခချုပ်နှင့်ကျောင်းသား၊ကျောင်းသူများထံ ချီးမြှင့်ပေးအပ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ သည် ကွန်ပျူတာတက္ကသိုလ်(ဘားအံ)ရှိ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ထိုသို့နေ့လယ်စာသုံးဆောင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုက်လံ ကြည့်ရှုအားပေး၍ အားပေးစကားများပြောကြားခဲ့ပါသည်။