ဘားအံ - နိုဝင်ဘာ (၂၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ လ ၂၇  ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဇာသပြင်ကျေးရွာနှင့်ပတ်ဝန်းကျင်ဒေသများမှ အခြေခံပညာကျောင်းပေါင်း ၁၇ ကျောင်း၊ ကျောင်းသား၊ကျောင်းသူ ၁၃၀၀ ဦး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

            ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက  ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေး ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

            ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်ထည့်သွင်းကျင်းပသော လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပ သာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်း ပဟေဋ္ဌိ (Kahoot Quiz)ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ပုဂ္ဂလိက စာအုပ် အရောင်းဆိုင်များနှင့် ချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုး စာအုပ်ဈေးရောင်း ပွဲတွင် ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေဝယ်ယူလေ့လာဖတ်ရှုနေမှု တို့ကို လှည့်လည်ကြည့်ရှုအားပေး ၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ အဆိုပါကျောင်း စာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၁၀)သိန်းကို စာကြည့်တိုက် တာဝန်ခံထံချီးမြှင့်ပေးအပ်သည်။

            ယင်းနောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါအထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဇာသပြင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူ များက မြန်မာပြည်မှာစာပဒေသာဝေဆာစေ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး   ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က စာပဒေသာဝေဆာစေ Video Clip ကိုအတူ တကွကြည့်ရှုအားပေးခဲ့ကြကာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က စာဖတ်ခြင်းသည် ရေရှည်ပြုစုပျိုးထောင်ပေးရမည့် လုပ်ငန်း ဖြစ်သည့်အတွက် ဆရာ၊ဆရာမများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေမည့်စာပေ ဖတ်ရှုလေ့လာမှု ရှင်သန်ခိုင်မာလာစေရန် လေ့ကျင့်သင်ကြားပေးကြစေလိုပြီး စာဖတ်သည့် အလေ့အထရရှိစေမည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်အောင် ဒေသတွင်းတာဝန်ရှိသူများနှင့်သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် အလကဇာသပြင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မင်္ဂလာပါ သီချင်းဖြင့်သီဆိုကပြဖျော်ဖြေ ကြပြီး အ-ထ-ကခရားအတွင်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပန်းတိုင်းပွင့်ပါစေသီချင်းဖြင့် သီဆိုကပြဖျော်ဖြေ ခဲ့ကြကာ အ-ထ-က သံလှယ်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကိုပါဝင်ဆင်နွှဲကြသည့် ကျောင်းသား၊ကျောင်းသူများအား နေ့လည်စာများဝေငှပေး၍ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ်စာရေးဆရာအသင်းက စာပေဟောပြောပွဲကို ကျင်းပခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိ ကြသည့် ကျောင်းသားကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို မွန်းလွှဲပိုင်းတွင် ဆက်လက်ကျင်းပ ရာ ကျုံဖဲအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်သား၊ကျောင်းသူများက ပညာပန်းများလမ်းရာမြေ တေးသီချင်း ဖြင့် ကပြဖျော်ဖြေကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးစောထွန်းအောင်၊ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz Game)တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် စာပေဟောပြောပွဲတွင် ဟောပြောပေးကြသည့် စာရေးဆရာ/ ဆရာမများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

            ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆု ရရှိခဲ့သူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြပြီး အထက(ဖဲကတာ)မှကျောင်းသား၊ကျောင်းသူများက ထိန်းသိမ်းစို့လေပညာအမွှေ တေသီချင်း၊ အထက(ခွဲ)ကော့လမုကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ တေးသီချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

            ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် ဆရာ၊ဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြား ခဲ့ပါသည်။