ဘားအံ - နိုဝင်ဘာ (၂၄)

ကရင်ပြည်နယ်၊ ဘားအံမြို့၏ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တန်ဆောင်မုန်းလပြည့်(သာမညဖလ)အခါတော်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီက အဆိုပါဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။

           မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သေဋ္ဌမာရ်အောင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ရေချမ်း၊သစ်သီးဆွမ်း၊ဆီမီးတို့ကိုကပ်လှူပူဇော်ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ကာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်အပေါင်းတို့က သေဋ္ဌမာရ်အောင်ဘုရားကြီး ဩဝါဒါစရိယဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ) အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရထံမှ မသိုးသင်္ကန်းဆက်ကပ်လှူရခြင်း၏ အကျိုးကျေးဇူးဩဝါဒကထာကို နာယူကြည်ညို ကြသည်။

            ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့က ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်တာဝန်ရှိသူများက  မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင် ရေး ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ) အမိတာရာမရဲကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာ လင်္ကာရက ဗုဒ္ဓဿဒေမ စသောဂါထာကို ရွတ်ဆိုတိုင်ကြားပေးပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ နှင့်ဥပသကာတာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းကြရာ ဩဝါဒါစရိယ ဆရာတော်ကြီးများက ဇယေန္တော ဗောဓိယာမူလေ အစချီသော အောင်ဂါထာများကို ရွတ်ဖတ်ပူဇော်ပေးကြသည်။

            ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သေဋ္ဌမာရ်အောင်ဘုရားကြီး ပိဋကတ်တိုက်အတွင်း၌ ဆရာတော်ကြီး များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

           အဆိုပါ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်သက်မွေး ပညာသင်တန်းကျောင်းမှ သင်တန်းသူလေးများက နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းမှစ၍ ရက်ကန်းစင်နှစ်စင်ဖြင့်  မသိုး သင်္ကန်းကိုရက်လုပ်ပူဇော်ခဲ့ကြပြီး ထိုသို့ရပ်လုပ်ပူဇော်နေမှုများကို ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောမျိုးမြင့်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။