ဘားအံ - နိုဝင်ဘာ (၂၅)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ပွဲဈေး၊မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ၊ မီးပုံးအလှထွန်းညှိခြင်းနှင့် စင်တင်တေးဂီတဖျော်ဖြေပွဲတို့ကို တန်ဆောင်မုန်းလပြည့် သမညဖလအခါတော်နေ့ ညခင်းပိုင်း က ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်၊ ကျော်ဇေယျလမ်း၊မာန်းနဲစန်လမ်းနှင့်ရန်မျိုးအောင်လမ်းတို့တွင်စည်ကားသိုက်မြိုက် စွာဆင်ယင်ကျင်းပခဲ့ကြသည်။

ဦးစွာကရင်ပြည်နယ်အစိုးရအဖွဲ့ခေတ္တပြည်နယ်ဝန်ကြီးချုပ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိုးမိုးဝင်း က မိမိတို့ ကရင်ပြည်နယ်အတွင်းရှိ မိဘပြည်သူများအားလုံး ပွဲတော်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်း သာယာပျော်ရွှင်နိုင်ကြပါစေကြောင်း၊ မီးပုံပျံများကောင်းကင်ယံသို့ မြင့်တက်ပျံသန်းသွားသကဲ့သို့ မိဘပြည်သူများ၏ စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေး အခြေအနေအားလုံးလည်း တိုးတက်မြင့်မာကြပါစေကြောင်း ဆုမွန်ကောင်းစကားပြောကြားပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် ပြည်နယ်စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ပွဲ ဈေး၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ၊ မီးပုံးအလှထွန်းညှိခြင်းနှင့် စင်တင်တေးဂီတဖျော်ဖြေပွဲတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

           ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်း၊ ရန်မျိုးအောင်လမ်းနှင့် မာန်းနဲစန်လမ်းတို့တွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၊ ရပ်ကွက်/ကျေးရွာများမှ ပုဂ္ဂလိကအလှူရှင်များ၏ စတုဒိသာမဏ္ဍပ်(၅၉)ခု၌ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကရင်မုန့် ဟင်းခါး၊ မြန်မာမုန့် အမျိုးမျိုး၊ ရွှေရင်အေး၊ ရေခဲမုန့်နှင့်အချိုရည်အမျိုးမျိုးအစရှိသော အစားအစာ ၂၀ မျိုးဖြင့် စုပေါင်း ကုသိုလ်ပြုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပါဝင်ဆင်နွှဲကြသည့် အနယ်နယ်အရပ်ရပ်မှမိဘပြည်သူများအား ခင်မင်ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ ၎င်းတို့နှင့်အတူ တည်ခင်းဧည့်ခံသောအစားအစာများကို အတူတကွအားပေးသုံးဆောင် ခဲ့ကြသည်။

ယင်းနောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်အနေဖြင့် ကန်သာယာပတ်လမ်း၊ ဦးပေါက်တံတားနှင့်ဦးပေါက်လမ်း တစ်လျှောက်တို့တွင် မီးအိမ်(၇၅၀)လုံးအား အလှဆင်ထွန်းညှိပူဇော်ကြရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါလမ်း တစ်လျှောက်ဖြတ်သန်းကြည့်ရှုအားပေး၍ မီးအိမ်များထွန်းညှိပူဇော်ခဲ့ကြသည်။

 ထို့နောက် မြတ်စွာဘုရားရှင်အားမီးပုံးပျံလွှတ်တင်၍ ပူဇော်ခြင်းကုသိုလ်ထူးကိုရရှိခံစားနိုင်စေရန် တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့၊ မာန်းနဲစန်လမ်း၊ ကျော်ဇေယျလမ်းနှင့် ရန်မျိုးအောင်လမ်းဆုံ မီးပုံးပျံကွင်း၌ ကျင်းပ ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းသုံးချက်တီးခတ်၍မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကိုဖွင့်လှစ်ပေးခဲ့ပြီးပြည်နယ် အဆင့်ဌာနဆိုင်ရာများ၏ အမြင့် ပေ ၇၀၊ လုံးပတ် ၁၂၀ ပေနှင့် အောက်ခြေအချင်း ၁၀ပေခန့်ရှိသော မီးပုံးပျံအကြီး ၁၁ လုံးကို ကရင်တိုင်းရင်းသားရိုးရာအဝတ်အထည်များ၊ လက်ကိုင်ပဝါနှင့်လက်ကိုင်အိတ်များ၊ ငွေကြေးနှင့် ရောင်စုံအလံများချိတ်ဆွဲ၍ အိုးစည်၊ ဗုံမောင်းများ၊ အတီး အမှုတ်၊ အကအခုန်များဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တင်ပူဇော်ကြသည်နှင့်တစ်ပြိုင် ဒေသ ဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက မီးပုံးပျံ(အသေး) အလုံး(၁၅၀)ကို လွှတ်တင်ပူဇော်ကြရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက မီးပုံးပျံလွှတ်တင်ပူဇော်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တန်ဆောင်တိုင်ပွဲတော် စင်တင်တေးဂီတဖျော်ဖြေပွဲအနေဖြင့် မီးပုံးပျံကွင်းတွင် Lucky Seven Music Bank နှင့်တွဲဖက်၍ ဒေသခံတေးသံရှင် များက တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေကြရာ ပါဝင်ဆင်နွှဲသူများအထူးစည်ကား ခဲ့ပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

            ယနေ့သာမညဖလအခါတော်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နံနက်မိုးသောက် ၅ နာရီမထိုးမီ မြတ်ဗုဒ္ဓအားရည်မှန်း၍ မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊  နိဗ္ဗာန်ဈေး စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်း၊ မီးပုံးအလှများထွန်းညှိပူဇော်ခြင်းတို့တွင် ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှပါဝင်ဆင်နွှဲ ကြသူများ အထူးစည်ကားများပြားသကဲ့သို့ ကျောင်းကန်ဘုရားများတွင် ဥပုဒ်သီတင်းသီလခံယူဆောက်တည်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများ၊ အများပြည်သူဆိုင်ရာနေရာများ၊ ခရီးစဉ်ဒေသများနှင့်အထင်ကရနေရာများတွင် အနားယူ အပန်းဖြေကြသူများဖြင့် ဘားအံမြို့နှင့်ပတ်ဝန်းကျင်တွင် စည်ကားများပြားလျက်ရှိပါသည်။