ဘားအံ - နိုဝင်ဘာ (၂၆)
ကရင်ပြည်နယ်အတွင်း ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများ အောင်မှတ်ရရှိစေ ရေးနှင့် ဘာသာစုံဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်သူများပေါ်ထွန်းလာစေရေးအတွက် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲကို ကျင်းပသည်။
ကရင်ပြည်နယ်အတွင်း ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူဦးရေ ၄၃၅၃ ဦး ရှိပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်းက တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် ဘာသာရပ်သင်ဆရာ၊ဆရာမများအနေဖြင့် မိမိတို့ သင်ကြားသင်ယူနေကြသော ဘာသာရပ်အလိုက် ပိုမိုတတ်ကျွမ်းစေရန်နှင့် ပင်ကိုယ်အရည်အသွေးပိုမိုမြင့်မားလာစေရန် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများအတွက် မေးခွန်းပုံစံများကို နားလည်စေရန်၊ ဖြေဆိုမည့်ဘာသာရပ် အလိုက်မေးခွန်းပုံစံများ အလေ့အကျင့်ရရှိပြီး တတ်မြောက်မှုတိုးတက်စေရန်နှင့် ဖြေဆိုကြမည့်ဘာသာရပ်အသီးသီးကို အခက်အခဲမရှိဖြေဆိုနိုင်စေရန်အတွက် ပါမောက္ခများ၏ပို့ချချက်များနှင့်လမ်းညွှန်ချက်များကို ဂရုတစိုက်မှတ်သားသွားကြ ပြီး မိမိတို့၏တပည့်များကို ပြန်လည်သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲအတွက် ဆရာ၊ဆရာမများအား ငွေကျပ် ၉၉၂၈၀၀ဝိ/- (ကိုးဆယ်ကိုးသိန်းနှစ်သောင်းရှစ်ထောင်ကျပ်)ကို ချီးမြှင့် ပေးအပ်ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက ဆွေးနွေးပွဲပို့ချဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဆွေးနွေးပွဲသို့ အခြေခံပညာမှ ဆရာ၊ဆရာမများ တက်ရောက်နိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယနေ့ကျင်းပသည့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများဆွေးနွေးပွဲ သည် ယခုနှစ်အတွက် ပထမအကြိမ်ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပြီး ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့် သင်ကျောင်းများမှ ဆရာ၊ဆရာမ ၈၄၂ ဦးတက်ရောက်၍ ဘားအံတက္ကသိုလ်ပါမောက္ခဆရာ၊ဆရာမများနှင့် (၂)ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်ကာ မော်လမြိုင်တက္ကသိုလ်နှင့်ဘားအံတက္ကသိုလ်ပါမောက္ခများပူးပေါင်း၍ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပသွားမည်ဖြစ်ပါသည်။















