ဘားအံ - နိုဝင်ဘာ (၁၇)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၆/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ၊ ၎င်းတို့ကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများကို ချေးငွေထုတ်ချေးပေးလျက်ရှိရာ အမှန်တကယ် ထိရောက်မှုရှိပြီး ဒေသ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း၊ ဝမ်းစာဖူလုံပြီး ပို့ကုန်တင်ပို့နိုင်ရေး တောင်သူများ တိုးတက်ထုတ်လုပ်ရန်နှင့် ထုတ်ကုန်အရည်အသွေးမြင့်မားရန်လိုအပ်ကာ အမှန်တကယ်တိုးတက်မှုရှိ/မရှိ အမြဲမပြတ် အကဲဖြတ်သုံးသပ်စောင့်ကြည့်ရန်လိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူးက ယခင်အပတ်အစည်းဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များကသက်ဆိုင်ရာကဏ္ဍများအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများတိုးချဲ့လုပ်ကိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပြန်လည်ပေးဆပ်မှု၊ သီးနှံအလိုက်စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် အထွက်နှုန်းများ၊ အသား၊ နို့ နှင့်ဥအမျိုးမျိုး တိုးတက်ထုတ်လုပ်နိုင်မှု၊ ချေးငွေရယူနိုင်ရန်ထောက်ခံတင်ပြထားမှု၊ ငါးကဏ္ဍ ဆောင်ရွက်မှုအခြေအနေ၊ ချေးငွေရယူသည့်လုပ်ငန်းများ အမှန်တကယ်တိုးတက်မှုရှိ/မရှိလိုက်လံကြည့်ရှုအကဲဖြတ်မှုများ၊ မတည် ထောက်ပံ့ငွေရယူထားသော သမဝါယမအသင်းများ၏လုပ်ငန်းတိုးတက်မှုအခြေအနေ၊ သီးနှံစိုက်ပျိုးမှုအပေါ်ချေးငွေ ရယူရန် အဆိုပြုတင်ပြထားရှိမှုများကို ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထုတ်ပေးထားရှိမှု၊ ပြန်လည်ကောက်ခံရရှိမှု၊ ကောက်ခံရန်ကျန်ရှိမှုနှင့် အတိုးရရှိမှုအခြေအနေများ၊ ချေး ငွေရယူလိုသည့်လုပ်ငန်းများ၊ ဘဏ်လက်ကျန်နှင့်ချေးယူလိုမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ထိုသို့ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။