ဘားအံ - နိုဝင်ဘာ (၁၆)
ကရင်ပြည်နယ်အတွင်း လာရောက်လည်ပတ်တည်းခိုကြသည့် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအား ပိုမို ကောင်းမွန်သည့်ဝန်ဆောင်မှုများ စနစ်တကျဖြည့်စွမ်းပေးနိုင်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း (၂)မျိုးဖွင့်ပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဟိုတယ်ကန်သာဦးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းလာမှုနှင့်အတူ ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာ- ထိုင်းနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံသား(သီးသန့်)အား ခရီးသွားလုပ်ငန်းများမှ တာဝန်ယူ၍ Package Tour ဖြင့် ဘားအံမြို့အထိ (၃)ညအိပ် (၄)ရက်ခရီးစဉ်ကို Entry Permit ဖြင့် ဝင်ရောက်လည်ပတ်ခွင့်ရရှိရေး ဦးစားပေး ကြိုး ပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များပိုမိုတိုးတက်ဝင်ရောက်လာရန်မျှော်မှန်းထား ပြီး သင်တန်းတက်ရောက်ကြမည့်သင်တန်းသား၊သင်တန်းသူများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်း ကျင်မှုရှိစေရေး နည်းပြများ၏စာတွေ့/လက်တွေ့သင်ကြားပို့ချမှုများကိုစိတ်ဝင်တစားလေ့လာသင်ယူ၍ လုပ်ငန်းခွင်အတွင်း အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သော သင်တန်း(၂)မျိုးမှာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးဘာသာရပ်(HouseKeeping)နှင့် အစားအစာ နှင့်အဖျော်ယမကာဧည့်ခံကျွေးမွေးရေးဘာသာရပ်(Food & Beverage Service)သင်တန်းများဖြစ်ပြီး သင်တန်းသား၊ သင် တန်းသူ ၁၁၆ ဦးအား ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ ကရင်ပြည်နယ် ဟိုတယ်၊ခရီးသွား ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဘားအံရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးဦးသက်လင်းက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။
ကရင်ပြည်နယ်သည် ခရီးသွားများကိုဆွဲဆောင်နိုင်သော ဒေသခံများ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အတူ ရေ၊ မြေ၊ တော၊ တောင် သဘာဝအလှအပများ ပေါများစွာတည်ရှိ၍ ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းကောင်းများရှိသည့် ပြည်နယ်ကြီးတစ်ခုဖြစ်သည်နှင့်အညီ ၂၀၁၆ ခုနှစ်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ(၂၀)လုံးရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် (၆၈)လုံး အခန်းပေါင်း(၂၄၆၀)ခန်းထိ တိုးတက်ဖွင့်လှစ်နိုင်ခဲ့ရာ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများပေးနိုင်ရေး ခရီးသွားနယ် ပယ်အတွင်းရှိ ဒေသခံများကိုလည်း လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။















