ဘားအံ - နိုဝင်ဘာ (၁၀)

            ကရင်ပြည်နယ်အတွင်းထွက်ရှိသည့် ရာဘာကုန်ကြမ်းများကိုဝယ်ယူပြီး အခြားဓာတုကုန်ကြမ်းများနင့်ရောစပ်၍ တစ်နှစ်လျှင် အရည်အသွေးမြင့်ရာဘာဖိနပ် တစ်သိန်းငါးသောင်းဒါဇင် ထုတ်လုပ်နိုင်သည့် Thai Fashion ရာဘာဖိနပ် ထုတ်လုပ်ရေးစက်ရုံကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး၊ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၁)ရှိ အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပသည်။

            အဆိုပါစက်ရုံကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျပ်သန်း ၁၅၀၀ ဖြင့် တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ် လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စက်ရုံ အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ စက်ရုံဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားနှင့်ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

            စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်တွင် ရာဘာစိုက်ဧက ၂၇၀၀၀၀ ကျော်ရှိသည့်အတွက် ကုန် ကြမ်းထွက်ရှိမှုနှင့်နှိုင်းယှဉ်ပါက တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်မှု နည်းပါးနေသေးပြီး ဘားအံစက်မှုဇုန်ဒေသဆိုင်ရာကော် မတီ၊ စီမံခန့်ခွဲရေးကော်မတီနှင့် လုပ်ငန်းရှင်များက ဆက်လက်၍ စက်ဘီးတာယာ၊ ဆိုင်ကယ်တာယာများ ထုတ်လုပ်နိုင် အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ စက်ရုံအတွင်း ဖိနပ်ထုတ်လုပ်ရေးတပ်ဆင် အသုံးပြုထားသော စက်ပစ္စည်းများ၊ ရာဘာဖိနပ်ကုန်ကြမ်းထုတ်လုပ်ရေးအပိုင်းနှင့်ကုန်ချောထုတ်လုပ်ရေးအပိုင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            အလားတူ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို ဒုံးအကပြိုင်ပွဲ၊ စင်တင်တေးဂီတဖျော်ဖြေ ပွဲ၊ MSME ထုတ်ကုန်ပြခန်းများ၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးပြခန်းများ၊ ဇာသဘင်အကအလှများ၊ ဈေးရောင်းပွဲတော် များ၊ ပျော်ပွဲရွှင်ပွဲများဖြင့် ဘားအံမြို့၊ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်း က ဒုံးအကပြိုင်ပွဲ ဆန်ကာတင် ၁၀ ဖွဲ့၏ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များက ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုင်ငံကျော်တေးသံရှင် ထူးအယ်လင်းနှင့် ဒေသခံအဆိုရှင် များ၏ စင်တင်တေးဂီတဖျော်ဖြေပွဲ၊ ချစ်ရဲမင်းဇာတ်သဘင်၏ အကအလှများဖြင့်ဖျော်ဖြေပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပရာ သီရိကွင်းအတွင်း ပွဲဈေးလှည့်လည်၍ ပြည်သူများ နှင့်အတူ ကရင်ပြည်နယ်နေ့ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။