ဘားအံ - နိုဝင်ဘာ (၉)

            ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် စတင်ဆောင်ရွက်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ဝက်သက်-ဂျိုက်သိုးရောဂါကာ ကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းဆိုင်ရာ နည်းဗျူဟာများ၊ ဘေးကင်းလုံခြုံစွာကာကွယ်ဆေးထိုးနှံပေးရေး၊ မှတ်တမ်းပြုစု ခြင်း၊ သတင်းပို့ခြင်း၊ AEFI စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လူထုစည်းရုံးရေးလုပ်ငန်းစဉ်များကို နားလည်ပြီး မိမိတို့မြို့နယ်များ တွင် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန်လိုအပ်ကာ ကာကွယ်ဆေးမရရှိသေးသည့် ကလေးငယ်များ၊ ရွှေ့ ပြောင်းလူအုပ်စုများ၊ ဝေးလံဒေသများ၊ သွားလာရန်ခက်ခဲသည့်ဒေသများမှ ကလေးငယ်များမကျန်ရှိစေရေးအတွက် သက် ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီအသင်းဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခမ်းအနားသို့တက်ရောက်လာသူများက ဝက်သက်၊ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့ အထိမ်းအမှတ်တေးသီချင်းကို အတူတကွကြည့်ရှုအားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက အသက် ၉ လမှ ၅၉ လအရွယ် ကလေးငယ်(၂၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကြည့်ရှုအားပေး၍ ကလေးငယ်များအား လက်ဆောင်ပစ္စည်းများပေးအပ်ကာ တိုးချဲ့ကာ ကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုအားပေးခဲ့ကြသည်။

            ကရင်ပြည်နယ်အတွင်း ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ မှ  ၁၃ ရက်နေ့ထိ မျှော်မှန်းကလေးဦးရေ ၇၀၃၆၈ ဦးကို ထိုးနှံပေးသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး ဝေးလံဒေသများ နှင့် သွားလာရန်ခက်ခဲသောဒေသများကို ရွေ့လျားနည်းဗျူဟာ( mobile)၊ လျှပ်တစ်ပြက်ကာကွယ်ဆေးထိုးခြင်း( Crash ) တို့ဖြင့် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

            အလားတူ (၇၁)နှစ်မြောက်ကရင်ပြည်နယ်နေ့ပွဲတော်ကို အားကစားပြိုင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများ၊ စင်တင် တေးဂီတဖျော်ဖြေပွဲများ၊ ပညာပေးပြခန်းနှင့်အရောင်းပြခန်းများ၊ မုန့်ဈေးရောင်းပွဲတော်များ၊ အပန်းဖြေကလေးကစား ကွင်းများ၊ ဈေးဆိုင်ခန်းများဖြင့် ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုဝင်ဘာလ ၈ ရက်နေ့ ညပိုင်းက ပွဲတော်သို့လာရောက်လေ့လာလည်ပတ်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၊ ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားများပြားခဲ့သည်။

            သီရိကွင်း ဒုံးစင်မြင့်တွင် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်ကျင်းပသော ဒုံးအကပြိုင်ပွဲ၏ စတုတ္ထည ယှဉ်ပြိုင်မှုအနေ ဖြင့် ဒုံးအဖွဲ့ ၁၂ ဖွဲ့က ညီညာသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုများကို ဧည့်ပရိတ်သတ်များနှင့်အတူ ကရင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးဇော်အေးမောင်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဒုံးအဖွဲ့များအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့အတူ (၇၁)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် River Blue Band နှင့်အတူ အေစီ၊ စောဘတ်၊ ကေဖိုးခွား၊ မူးမူး အစရှိသော ကရင်တေးသံရှင်များ၏ ကရင်၊ မြန်မာ တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေကြသည့် စင်တင် တေးဂီတဖျော်ဖြေပွဲတွင်လည်း လာရောက်ကြည့်ရှုအားပေးခဲ့ကြသည့် ပရိတ်သတ်များအထူးစည်ကားများပြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တေးသံသာများဖြင့်သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်နေ့ပွဲတော်ကျင်းပရာ သီရိကွင်းအတွင်း ပွဲဈေးလှည့်လည်၍ ပြည်သူများနှင့်အတူ ကရင်ပြည်နယ်နေ့ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။